ပဲခူးမြို့ မဇင်းလမ်းထိပ်မှာ ဒီနေ့ မနက် ၉ နာရီဝန်းကျင်လောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း လူစုနေစဥ် စစ်တပ်နဲ့ရဲတပ်ဖွဲ့က အင်အားအလုံးအရင်း နဲ့ ရောက်ရှိလာပြီး ဖြိုခွင်းခဲ့ပါတယ်။
သပိတ်စစ်ကြောင်းက ပဲခူးမဇင်းထိပ် အ.ထ.က ၅ ရှေ့မှာ လူစုနေစဥ် ရဲတပ်ဖွဲ့ကနေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တဲ့အတွက် ဗကသ၊ တကသ ကျောင်းသူကျောင်းသားတွေ၊ စက်ရုံဝန်ထမ်းတွေ ဝန်ထမ်းပေါင်းစုံသမဂ္ဂအဖွဲ့တွေ လူစုခွဲလိုက်ရပါတယ်။
မနက် ၁၀ နာရီကျော်တဲ့အထိ မဇင်းလမ်းထိပ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက ပိတ်ဆို့ထားပါတယ်။ ဆန္ဒပြသူတွေကတော့ သူတို့ဆုတ်ခွာသွားတဲ့ လမ်းတွေဘက်မှာ နောက်ကနေ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ လိုက်မလာနိုင်အောင်လို့ လမ်းတွေကို ကာရံပိတ်ဆို့ထားသလို ထဘီတွေကိုလည်း လမ်းပေါ်မှာ ကြိုးတန်းချိတ်ဆွဲထားကြပါတယ်။
စစ်အာဏာရှင်အလိုမရှိကြောင်း ပဲခူးမြို့ရဲ့ စတုတ္ထနေ့ အထွေထွေ သပိတ်မှာ ထွေအုပ်ဝန်ထမ်းတွေအပြင် ဌာနဆိုင်ရာအားလုံးနီးပါ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပူးပေါင်းပါဝင်လာကြတယ်လို့ သိရပါတယ်။
သပိတ်မှာ ထွေအုပ်၊ ဆည်မြောင်း၊ သစ်တော၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအဖွဲ့ ဆေးကုမ္ပဏီတွေ နည်ပညာကျောင်းသားများအဖွဲ့၊ ရှေ့နေတွေ၊ မြန်မာမွန်ဆလင်အဖွဲ့၊ အင်ဂျင်နီယာအဖွဲ့၊ ပဲခူး generation z အဖွဲ့နဲ့ ပြည်သူ အင်အားသိန်း ချီဆန္ဒထုတ်ဖော်နေကြပါတယ်။
အောင်စိုးမိုး