ပဲခူးရိုးမ

March 7, 2020

ပဲခူးရိုးမ တရားမဝင်သစ်ခိုးသည့် အရေးကြီးနေရာများ  ပုဒ်မ ၁၄၄ ထုတ်ပြန်မည်

ပဲခူးရိုးမတောထဲက တရားမဝင်သစ်တွေခိုးယူနေတဲ့ လမ်းတွေကို ပိတ်ဆို့ဖျက်ဆီးတာတွေ စတင်ပြုလုပ်နေပြီး အရေးကြီးတဲ့နေရာတွေကို ပုဒ်မ ၁၄၄ ထုတ်ပြန်သွားမယ်လို့ ပဲခူးတိုင်းသယံဇာတနဲ့ သစ်တောဝန်ကြီး ဒေါက်တာ စောညိုဝင်းကပြောပါတယ်။ ပဲခူးတိုင်းအတွင်းမှာ တရားမဝင်သစ်တွေကို ၂၀၁၇ ခုနှစ်ကစပြီး တနှစ်ကို တန် ၅၀၀၀ ကျော်လောက် ဖမ်းဆီးနိုင်ခဲ့သလို အခုနှစ်မှာတော့ နယ်မြေခံရဲစခန်းအပါအဝင် သစ်တောရဲ သစ်တောဝန်ထမ်းတွေအပြင် တပ်မ ၇၇ နဲ့ပါ ပူးပေါင်းဖမ်းဆီးမှုတွေ ပြုလုပ်လာတဲ့အတွက် ပြီးခဲ့တဲ့လတွေမှာ တလတည်း သစ်တန် ၁၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်၊  “ဘယ်လိုပဲ ဖမ်းဖမ်း တရားမဝင်သစ်တွေက ထွက်နေတဲ့အတွက် အဲဒီတရားမဝင်သစ်တွေထွက်တဲ့ ပဲခူးရိုးမတောထဲက သစ်ခိုးလမ်းတွေကို ဘက်ဟိုးတွေ နဲ့ လူ ၅ ရပ်လောက်ရှိတဲ့ ချောက်တွေတူးပြီး လမ်းတွေကို စတင်ပိတ်ဆို့နေပြီ” လို့ ပဲခူးတိုင်း သဝံဇာတ နဲ့ သစ်တောဝန်ကြီး ဒေါက်တာ စောညိုဝင်းက ပြောပါတယ်။ သစ်တွေထွက်နေတဲ့ အဓိကလမ်းကြောင်းက ရိုးမဖြတ် လမ်းကြီး ၃ ခုဖြစ်နေပြီး အဲဒီရိုးမဖြတ် လမ်းနဲ့ ကပ်လျက်ရှိတဲ့နေရာတွေက လမ်းပေါက်တွေက ထိန်းသိမ်းရ တော်တော်ခက်နေတဲ့အတွက် အရေးကြီးတဲ့နေရာတွေကို ပုဒ် ၁၄၄ ထုတ်ပြန်သွားမယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ချောက်ကြီးတွေတူးပြီး ဖြတ်ထားတဲ့နေရာတွေကို သံဆူးကြိုးတွေကာမှာဖြစ်သလို အဲဒီနေရာတွေမှာ ယာယီဂိတ်တွေထားရှိကာ ဒရုန်းတွေဝယ်ပြီး အမြဲစောင့်ကြည့်တာတွေလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အောင်စိုးမိုး
2 years Ago

November 10, 2019

ပဲခူးရိုးမတွင် သစ်ခိုးခုတ်သူများ ပိုများလာဟု လွှတ်တော်ကိုယ်စားလှယ်ပြော

ပဲခူးရိုးမကို သစ်ခုတ်ခွင့် ၁၀ နှစ်ပိတ်ထားပေမယ့် သစ်ခိုးခုတ်သူတွေက ဆက်လက်ခိုးနေပြီး အင်အား ပိုကြီးလာတယ်လို့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။ “ပဲခူးရိုးမသစ်တောထဲကနေ တရားမဝင်သစ်တွေကို  ညစဉ်လိုလို ခိုးထုတ်နေကြပါတယ်။ သစ်ခိုးတဲ့လမ်းကြောင်းက ၅ ကြောင်းလောက်ပဲရှိပြီး အဲဒီလမ်းကြောင်းတွေမှာ ဂိတ်တွေက ညဘက်ဆို မီးတွေထွန်းပြီး ပွဲတော်လိုပဲ သစ်ခိုးကားတွေကို ပိုက်ဆံတောင်းနေကြတယ်” လို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပဲခူးရိုးမတောကြီးကို သစ်ခုတ်ခွင့် ၁၀ နှစ်ပိတ်ထားတယ် ဆိုပေမယ့် သစ်သူခိုးတွေကတော့ ခိုးမြဲခိုးနေတဲ့အပြင် သစ်ခိုး သမားတွေက ပိုပြီးအားကောင်းလာတယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်း စည်ပင်ဝန်ကြီး ဒေါက်တာစောညိုဝင်းကတော့ ၂၀၁၇ ၂၀၁၈ လောက်တုန်းက  တလကို တန် ၄၀၀၊ ၅၀၀ လောက်ကနေ ၇၀၀၊ ၈၀၀ လောက်ထိ ဖမ်းဆီးရမိခဲ့ပြီး ၄ လလောက်အတွင်းမှာ ဖမ်းဆီးရမိတာ သိသိသာသာ ကျဆင်းသွားပြီး တလကို တန် ၂၀၀ ဝန်းကျင်လောက်ပဲ ဖမ်းမိတော့တယ်လို့ ပြောပါတယ်။ အခုနောက်ပိုင်း တရားမဝင် သစ်စက်တွေကိုလည်း လိုက်လံရှင်းလင်းမှာဖြစ်သလို ဝင်ရခက်တဲ့ ခြံတွေကိုလည်း တရာမဝင်သစ်နဲ့ သစ်စက်တွေ လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။ ပဲခူးမြို့ပေါ်နဲ့ မြို့ဆင်ခြေဖုံးတွေမှာပါ တရားမဝင် သစ်စက်တွေက အများကြီးဖြစ်နေတဲ့အတွက် တရားမဝင် သစ်စက်တွေကို တာဝန်ရှိသူတွေ တိတိကျကျ ဖမ်းဆီးစေလိုတယ်လို့ ပဲခူးမြို့ခံ ဦးစိုးဝင်းက ပြောပါတယ်။ အခုလို သစ်တွေ ခုတ်နေတာကြောင့် သစ်တောတွေ ပြုန်းတီးလာပြီး မြန်မာနိုင်ငံမှာ အပူရှိန်လွန်ကဲတာတွေ၊ ရေကြီးရေလျှံတာတွေ နဲ့ ရာသီဥတု ဖောက်ပြန်တာတွေ ကြုံတွေ့နေကြရတာပါ။ အောင်စိုးမိုး
2 years Ago
Up