ပဲခူးမြို့

December 15, 2021

ပဲခူးမြို့တွင် PDF နှင့်ဆက်နွှယ်သည့်စွပ်စွဲချက်ဖြင့် လူငယ် ၄၀ ကျော် ဖမ်းဆီးခံရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နဲ့ ဆက်စပ်တယ်ဆိုပြီး  စစ်ကောင်စီက လူငယ် အယောက် ၄၀ ကျော်ကို အခုရက်ပိုင်းအတွင်း ဖမ်းဆီးသွားကြောင်း ပဲခူးမြို့ခံတွေက ပြောပါတယ်။

ပဲခူးမြို့ခံ လူငယ်တယောက်ကို အမြန်လမ်းပေါ် ရန်ကုန်ကနေ မန္တလေးကို သွားတဲ့ ကားတစီးပေါ်မှာ  ဖမ်းဆီးရမိရာမှတဆင့်  ကွင်းဆက် လိုက်လံဖမ်းဆီးတာလို့  ပဲခူးမြို့ခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“လွန်ခဲ့တဲ့တပတ်လောက်က တစ်ယောက်ကို ရန်ကုန်-မန္တလေးအမြန်လမ်း မန္တလေးသွားကားပေါ်မှာ မိသွားတာကို သတင်းဖုံးထားပြီး ဖုန်းကွင်းဆက်တွေကနေတဆင့် လိုက်ဖမ်းရာက ပါကုန်ကြတာ။  ဖမ်းခံရတဲ့ထဲမှာ ဗကသ အုပ်စုတွေများတယ်။”

ပထမဆုံး ဖမ်းမိသူရဲ့ ကွင်းဆက်တစ်ခုကနေတဆင့် လူငယ် ၆ ဦးကို တစ်ကြိမ်၊ ၁၇ ဦးကို တစ်ကြိမ်၊ ၄ ဦးကို တစ်ကြိမ်၊ ၂ ဦးကို တစ်ကြိမ်၊ နောက်ထပ် ၂ ဦးကို တစ်ကြိမ် ဖမ်းဆီးသွားပြီး တခြားဖုန်းမက်ဆေ့ Group တစ်ခုကနေ တဆင့်လည်း ဖမ်းဆီးခံရတဲ့ လူငယ်တွေ ရှိသလို စုစုပေါင်း အယောက် ၄၀ လောက် ဖမ်းဆီးခံတယ်လို့ အဲဒီမြို့ခံက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ အဆက်အစပ်ရှိသူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီဇင်ဘာ ၁၄ ရက်ကလည်း လူငယ် ၃ ယောက်ကို  ရာဘာခြံတစ်ခုအတွင်း ဖမ်းဆီးသွားတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရသူ တယောက်က ပြောပါတယ်။

ပဲခူးမြို့က လူငယ်တွေအနေနဲ့လည်း ဖမ်းဆီးရမိသူတွေရဲ့ အကောင့်တွေ၊ ဖုန်းနံပါတ်တွေကနေ တဆင့် ဆက်သွယ်လာရင် သတိထားကြဖို့ သူက သတိပေးပါတယ်။

1 month Ago

December 12, 2021

စစ်ကောင်စီက Silent Strike တွင် ပါဝင်သည့် ပဲခူးမြို့ရှိဆိုင်များကို ၇ ရက် ဖွင့်ခွင့်မပြု

ပဲခူးတိုင်း၊ ပဲခူးမြို့နယ် ပျဉ်ပုံကြီးကျေးရွာအုပ်စုမှာ ဒီဇင်ဘာလ ၁၀ ရက် ကမ္ဘာ့လူ့အခွင့်အရေးနေ့ ငြိမ်သက်ခြင်းသပိတ် Silent Strike မှာ ပါဝင်ပြီး ဆိုင်ပိတ်ခဲ့သူတွေကို စစ်ကောင်စီ လက်အောက်ခံတွေက အုပ်ချုပ်ရေးမှူးတွေက ဆိုင်ဖွင့်ခွင့်မပြုဘူးလို့ သိရပါတယ်။

ငြိမ်သက်ခြင်းသပိတ် Silent Strike မှာ ဆိုင်မဖွင့်တာကြောင့် ၇ ရက် ဆိုင်ဖွင့်ခွင့်မပြုကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က  ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကြေညာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်ဖွင့်ပါက စစ်ကောင်စီတပ်တွေကိုခေါ်ပြီး ဖမ်းမယ်လို့ ခြိမ်းခြောက်တာကြောင့် ဒေသခံတွေဟာ ဆိုင်တွေ ပြန်မဖွင့်ရဲကြဘဲ စားဝတ်နေ‌ရေး ကျပ်တည်းနေကြတယ်လို့လည်း သိရပါတယ်။

မြို့နယ်အချို့မှာလည်း Silent Strike မှာ ပါဝင်တဲ့ ဈေးဆိုင်အချို့ကို ဆိုင်မဖွင့်ဖို့ စစ်ကောင်စီက လိုက်လံခြိမ်းခြောက်နေပြီး ရိုက်နှက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ငြိမ်သက်ခြင်းသပိတ် Silent Strike မှာ မြန်မာနိုင်ငံတဝန်း ဈေးတွေ၊ ဆိုင်တွေပိတ်ပြီး ပြည်သူတွေက အိမ်အပြင်မထွက်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

1 month Ago
More News
Up