ပဲခူးတိုင်း

July 12, 2019

ပဲခူးတိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် မူကြိုကျောင်းများကို ပိတ်သိမ်းမည် 

ပဲခူးတိုင်းဒေသကြီးအတွင်း မူကြိုကျောင်းတွေကို သက်ဆိုင်ရာက လိုက်လံစစ်ဆေးနေပြီး ခွင့်ပြုမိန့်မရှိဘဲ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းတွေကို ပိတ်သိမ်းသွားဖို့ လုပ်ဆောင်နေပါတယ်။  ပဲခူးတိုင်းမှာ ပုဂ္ဂလိကမူကြိုကျောင်းပေါင်းများစွာ ဖွင့်လှစ်ထားပေမယ့် တရားဝင်  ခွင့်ပြုချက် ရရှိထားတဲ့ကျောင်းက ၁၄ ကျောင်းပဲ ရှိပါတယ်။ မူကြိုကျောင်းဖွင့်ဖို့ ခွင့်ပြုမိန့်ကို လူမှုဝန်ထမ်းဦးစီးဌာနမှာ လျှောက်ထားရတာဖြစ်ပြီး ခွင့်ပြုမိန့်မတင်တဲ့ကျောင်းတွေကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ နောက်ဆုံးထားပြီး ခွင့်ပြုမိန့် တင်ကြဖို့ ဌာနက စာထုတ်အကြောင်းကြားထားခဲ့ပါတယ်။ ဒါပေမဲ့ လျှောက်လွှာ လာမတင်တဲ့ကျောင်းတွေရှိနေတဲ့အကြောင်းနဲ့  လက်ရှိ လျှောက်လွှာတင်ထားဆဲကျောင်းတွေကတော့ ပဲခူးမြို့မှာ ၁ကျောင်းနဲ့ ပြည်ခရိုင်မှာ ၄ ကျောင်းသာ  ရှိတယ်လို့ ပဲခူးတိုင်းလူမှုဖူလုံရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး နော်ဖွယ်စေးက ပြောပါတယ်။ တောင်ငူခရိုင်ကဆိုရင် မူကြိုကျောင်းဖွင့်ဖို့ လျှောက်လွှာလာယူသွားတာရှိပေမယ့် ဒီနေ့ အထိ လျှောက်လွှာတွေကို လာတင်တာမရှိသေးဘူးလို့လည်း ဆိုပါတယ်။ လူမှုဖူလုံရေးဦးစီးဌာနအနေနဲ့ မူကြိုကျောင်း တကျောင်းကို ခွင့်ပြုမယ်ဆိုရင် ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်၊ ထားရှိမယ့် ကလေးအရေအတွက်၊ တာဝန်ခံကျောင်းအုပ်နဲ့ ဆရာမတွေဟာ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းတက်ဖူးသူဖြစ်ရမယ် စတဲ့ အချက်တွေအပါအ၀င် အချက် ၁၀ ချက်နဲ့ ကိုက်ညီမှ ခွင့်ပြုမိန့်ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ခွင့်ပြုမိန့် မရှိဘဲ ကျောင်းဖွင့်ခဲ့ရင်တော့ ထောင်ဒဏ် ၆ လ ဒါမှမဟုတ် ငွေဒဏ်နဲ့ ဒါမှမဟုတ်ဒဏ် ၂ ရပ်လုံးကို ချမှတ်နိုင်တယ်လို့ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။ အခြေခံပညာ စာသင်ကျောင်းတချို့မှာလည်း ကျောင်းအခြေပြု မူကြိုကျောင်းတွေ ဖွင့်လှစ်ထားတာတွေရှိပါတယ်။ အဲဒီကျောင်းတွေကလည်း စာသင်ကျောင်းထဲမှာရှိတယ်ဆိုပေမယ့် ခွင့်ပြုမိန့်ကိုတော့ လူမှုဝန်ထမ်းဌာနကသာ ခွင့်ပြုပေးရတာပါ။ ပဲခူးမြို့မှာ ရပ်ကွက်တိုင်းလိုလို မူကြိုကျောင်းတွေရှိနေတာကြောင့် အဲဒီကျောင်းတွေဟာ တရားဝင်အသိအမှတ်ပြုကျောင်းဖြစ်ဖို့လိုသလို နေပြည်တော်က Wisdom Hil မူကြိုကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသူလေး ဗစ်တိုးရီးယားအမှုကိစ္စလိုမျိုး မဖြစ်ရအောင် ကျောင်း တည်ထောင်သူတွေက တာဝန်ယူတာဝန်ခံမှုရှိဖို့လိုတယ်လို့ ကျောင်းသား မိဘတွေက ပြောပါတယ်။ သတင်း - အောင်စိုးမိုး
2 years Ago

May 19, 2019

ပဲခူးတိုင်းအတွင်း လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေ ၅၀ ရာခိုင်နှုန်းခန့်သာ ပြန်ဆပ်

ပဲခူးတိုင်းထဲက လယ်သမားတွေဟာ စိုက်ပျိုးစရိတ်ချေးငွေ ၅၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ဆပ်တာကြောင့် ငွေကြေးလည်ပတ်ဖို့ အခက်အခဲ ကြုံနေရတယ်လို့ ပဲခူးတိုင်း လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာက ပြောပါတယ်။ ပဲခူးတိုင်း လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ပဲခူးတိုင်းထဲက လယ်သမား ၃ သိန်းကျော်ကို မိုးချေးငွေ၊ ဆောင်းချေးငွေနဲ့ မိုကြိုချေးငွေဆိုပြီး စုစုပေါင်း ငွေကျပ် ၃၃၄ ဘီလီယံကို ၃ ကြိမ်ခွဲပြီး စိုက်ပျိုးရေးကဏ္ဍတွေမှာ အရင်းအနှီး ပြုလုပ်ဖို့အတွက် ထုတ်ချေးပေးထားပေမယ့် လယ်သမားတွေဘက်ကနေ ၅၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ဆပ်ကြတယ်လို့ ပဲခူးတိုင်း လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာက ဦးသိန်းထိုက်က ဒီဗွီဘီကိုပြောပါတယ်။ အခုလို လယ်သမားတွေဘက်က ချေးငွေတွေ အကျြေပန်မဆပ်ကြတာဟာ ပုံစံ ၇ မူရင်း မရယူဘဲ ငွေချေးခွင့်ပြုခဲ့တာတွေ၊ ပုံစံ ၇ မိတ္တူပေါ်မှာ ပြင်ဆင်မှုတွေပြုလုပ်ပြီး ငွေချေးခဲ့ကြတာတွေ၊ ပုံစံ ၇ မရှိတဲ့ လယ်သမားတွေကိုလည်း ထောက်ခံချက်နဲ့ ငွေချေးပေးခဲ့တာတွေ၊ လယ်ယာမြေတွေ ရောင်းဝယ်ပေါင်နှံမှုတွေများလာပြီး ချေးငွေတွေကို ပြန်ဆက်ဖို့ အခက်ခဲတွေ ဖြစ်ကုန်ကြတာတွေ၊ ရာသီဥတု မမှန်တဲ့အပြင် သီးနှံဈေးနှုန်း မတည်ငြိမ်တာတွေ နဲ့ တချို့ လယ်သမားတွေကြတော့ ပြန်ဆက်နိုင်ပေမယ့် ဥပဒေအရ အရေးယူမှုတွေ မရှိတာကြောင့် ပြန်မဆပ်ကြတာတွေ စိစစ်တွေ့ရတယ်လို့ ဆိုပါတယ်။ ချေးငွေတွေ ပြန်လည်ရရှိရေးနဲ့ ပတ်သက်ပြီး ၂၀၁၇ နိုဝင်ဘာကတည်းက ဌာနအနေနဲ့ ဆောင်ရွက်နေကြာင်း၊ ကြွေးကျန်များတဲ့မြို့နယ်တွေကို ကွင်းဆင်းအဖွဲ့တွေလွှတ်ပြီး တဦးချင်း ကြွေးကျန်တွေကို စိစစ်နေတဲ့အပြင် ပုံစံ ၇ မိတ္တူတွေ မူရင်းတွေကို ဘဏ်မှာရှိတဲ့ မိတ္တူတွေ မူရင်းတွေနဲ့ မြေစာရင်းမှာရှိတဲ့ ပုံစံ ၅ တိုက်ကြည့်ပြီး ကွဲလွဲမှုရှိရင်တော့ ကွဲလွဲမှုအပေါ်မှာ မူတည်ပြီး အရေးယူသွားဖို့  စီစဉ်နေတယ်လို့ ဦးသိန်းထိုက်က ပြောပါတယ်။ အခုလို ချေးငွေတွေ ပြန်မရရှိသေးတဲ့အတွက် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ငွေကြေးလည်ပတ်မှု အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ လယ်သမားတွေကို ချေးပေးထားတဲ့ ငွေတွေဟာ မြန်မာ့စီးပွားရေးဘဏ်ကနေ အများပြည်သူတွေ စုထားတဲ့ငွေတွေကို သူတို့က တဆင့်ချေးယူထားရတာဖြစ်ပြီး လယ်သမားတွေ ဘက်ကနေ ပြန်ဆပ်မှသာ သူ့တိုကလည်း မြန်မာ့စီးပွားရေးဘဏ်ကို ပြန်ဆပ်ရမယ်လို့ သိရပါတယ်။ အောင်စိုးမိုး
2 years Ago
More News
Up