ပဲခူးတိုင်း မြို့နယ် ၃ မြို့နယ်တွင် ဧက ၁၆၀၀၀ ကျော် ရွှေတူးခွင့်ပေးမည်

September 5, 2018

ပဲခူးတိုင်း မြို့နယ် ၃ မြို့နယ်တွင် ဧက ၁၆၀၀၀ ကျော် ရွှေတူးခွင့်ပေးမည်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃ မြို့နယ်မှာ ဧက ၁၆၀၀၀ ကျော် ရွှေသတ္တု တူးဖော်ခွင့်ပေးသွားမယ်လို့ သယံဇာတသစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ပြောပါတယ်။ ရွှေကျင်မြို့နယ်မှာ ဧက ၁၀၅၀၀၊ ကျောက်ကြီးမြို့နယ်မှာ ဧက ၄၄၀၀ နဲ့ ထန်းတပင်မြို့နယ်တို့မှာ ဧက ၂၀၆၆ တို့ကို တူဖော်ခွင့်ပေးသွားမှာဖြစ်ပါတယ်။ ရွှေတူးဖော်ခွင့်ပေးတဲ့နေရာမှာ အဆင့် ၄ ဆင့်နဲ့ ခွင့်ပြုပေးသွားမှာဖြစ်ပြီး လက်လုပ်လက်စား အသေးစားနဲ့ အလတ်စား အကြီးစား ဆိုပြီးသတ်မှတ်ထားပါတယ်။ ၁ ဧကအောက်ကို ဒေသခံပြည်သူတွေ အဆင်ပြေစွာ လုပ်ကိုင်နိုင်အောင် လက်လုပ်လက်စားလို့ သတ်မှတ်ထားပြီး ၄ ဧက အောက်ကို အသေစားနဲ့ ၄ ဧက ကနေ ဧက ၂၀ အထိ အလက်စားလို့ သတ်မှတ်ထားကာ ဧက ၂၀ နဲ့ အထက်ကို လုပ်ငန်းရှင်ကြီးတွေလို့ သတ်မှတ်ထားပြီး အဆင့် ၄ ဆင့် ခွဲထားတယ်လို့ သယံဇာတသစ်တော နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ဒီဗွီဘီကို ပြောပါတယ်။ "ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်နဲ့ အမှတ် ၂ သတ္တုတွင်းကနေ ရွှေထွက်နိုင်မယ့် နေရာတွေကို လေ့လာပြီးတော့ ဖြစ်မြောက်နိုင်ခြေရှိတဲ့ မြို့နယ်သုံးမြို့နယ်ကို ခန့်မှန်ထားတာ ဖြစ်ပါတယ်။" ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ကာလမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး နိုင်ငံတော်ကို  ၁ ဧက ၁၅ သိန်းနှုန်း၊ ၁ နှစ်စာအခွန် ပေးသွင်းရမှာဖြစ်ပြီး ၁ ဧက ကနေ ၄ ဧကကို တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲသွားမှာဖြစ်ပြီး ၄ ဧကနဲ့အထက်ကို ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။ ရွှေသတ္တုတူးဖော်မယ်သူတွေအနေနဲ့ တိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီးရုံးနဲ့ ရွှေကျင်မြို့အမှတ် ၂ သတ္တုတွင်းမန်နေဂျာတို့ထံ လျှောက်လွှာတွေ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ သတင်း-ဓာတ်ပုံ - နေလင်းထိုက်
3 years Ago
Up