ပဲခူးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဆန္ဒပြ

May 18, 2019

ပဲခူးတိုင်းဝန်ကြီးချုပ်အပါအဝင် ၈ ဦးကို စည်ပင်ဥက္ကဋ္ဌဟောင်းက အမှုဖွင့်

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စည်ပင်ဝန်ကြီး၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးတို့ အပါအဝင် အစိုးရအဖွဲ့ဝင် ၈ ဦးတို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ အမှုဖွင့်ထားတယ်လို့ သာယာဝတီမြို့နယ် စည်ပင်ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ မေ ၁၇ ရက်နေ့က အမှုဖွင့်လျှောက်ထားခဲ့တာဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အနေနဲ့ ၂၀၁၉ ခုနှစ် ရာဇဝတ်အထွေထွေအမှုအမှတ် ၃၆ နဲ့ အမှုဖွင့်လှစ်ပေးခဲ့တယ်လို့ ဦးကျော်ဆန်းအောင်ရဲ့ ရှေ့နေက ဆိုပါတယ်။ တရားလွှတ်တော် ရှေ့နေဦးမင်းသက်ဇင်က “လျောက်ထားသူကတော့ ဦးကျော်ဆန်းအောင်ပေါ့နော်။ လျောက်ထားခံရသူတွေကတော့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ နောက်ပြီးတော့ ပဲခူးတိုင်း စည်ပင်ဝန်ကြီး။ နောက်ပြီးတော့ ပဲခူးတိုင်း လယ်ဆည်ဝန်ကြီး ဝန်ကြီး ၂ ပါး ပါတယ်ပေါ့။ နောက်ပြီးတော့ ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့ ရှေးဦး စုံစမ်းမှုကို ပြုလုပ်ခဲ့တဲ့ ရှေးဦးစုံစမ်းရေး အဖွဲ့ဝင် ၅ ဦးပေါ့နော်။ အားလုံးပေါင်း ၈ ဦးပေါ့။ လျှောက်ထားခံရသူများအနေနဲ့ ဖော်ပြပြီးတော့ ကျနော်တို့ ဒီနေ့ တရားစီရင်ရေးမှာ အမြင့်ဆုံး အာဏာဖြစ်တဲ့ အာဏာပေး စာချွန်လွှာထုတ်ဆင့် ပယ်ဖျက်ပေးဖို့ လျောက်ထားတယ်”  လို့ ပြောပါတယ်။ သာယာဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်းအနေနဲ့ ငွေကြေးအလွဲသုံးစားမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ၅ ဦးပါဝင်တဲ့အဖွဲ့နဲ့ ကနဦး စစ်ဆေးမှုပြုလုပ်ခံရပြီးချိန်မှာ ရာထူးမှထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။ အမှုစစ်ဆေးချိန်မှာ ဥပဒေနဲ့အညီ စစ်ဆေးမှုပြုလုပ်ခဲ့ခြင်း မရှိသလို ဖိအားပေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း၊ အလွဲသုံးစားပြုလုပ်မှု မရှိခဲ့တာကို အယူခံခွင့်မပေးဘဲ ရာထူးမှထုတ်ပယ်ခဲ့တဲ့အတွက် ဂုဏ်သိက္ခာအရ လက်မခံနိုင်တာကြောင့် တရားရေးမဏ္ဍိုင်ရဲ့ အမြင့်ဆုံးအာဏာဖြစ်တဲ့ အာဏာပေး စာချွန်လွှာထုတ် ဆင့်ပေးဖို့ လျောက်ထားရတာလို့ အမှုဖွင့်လျောက်ထားခဲ့သူ ဦးကျော်ဆန်းအောင်က ပြောပါတယ်။ လျှောက်ထားမှုအပေါ် တရားလွှတ်တော်ချုပ်ရုံးအနေနဲ့ လက်ခံလိုက်ပြီဖြစ်တဲ့အတွက် မကြာခင်ကာလအတွင်း တရားသူကြီး ၃ ဦးပါဝင်တဲ့အဖွဲ့က ကနဦး ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ အာဏာပေးစာချွန်လွှာထုတ်ဆင့်အမိန့်အနေနဲ့ တရားရေးမဏ္ဍိုင်ရဲ့ အမြင့်ဆုံးအာဏာဖြစ်တဲ့အတွက် ပြည်ထောင်စုတရားသူကြီးချုပ်ကိုယ်တိုင် အမိန့်ချမှတ်ရမှာဖြစ်ပြီး နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ ဆုံးဖြတ်ချက်တွေကိုပါ ပယ်ဖျက်နိုင်တဲ့အထိ အာဏာသက်ရောက်မှုရှိတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဦးမင်းသက်ဇင်က ဆိုပါတယ်။
3 years Ago

August 3, 2018

ဖေ့စ်ဘွတ်ခ်အကောင့်တု အစိုးရပုံရိပ် ထိခိုက်ပါက အရေးယူမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းရဲ့ အမည်နဲ့ ဓာတ်ပုံကို အသုံးပြုပြီး ဖေ့စ်ဘွတ်ခ် အကောင့်အတု ပြုလုပ်အသုံးပြုနေတာကို လိုအပ်ပါက အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အဆိုပါ ဖေ့စ်ဘွတ်ခ် အကောင့်အတုဟာ အခုရက်ပိုင်းအတွင်း ပေါ်ထွက်လာတာဖြစ်ပြီး အကောင့်မှာ ဖော်ပြထားတာတွေဟာ အစိုးရအဖွဲရဲ့ ပုံရိပ်ကို ထိခိုက်မှုတွေရှိလာရင် အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက “ကျင့်ဝတ်တွေ ရှိတယ်၊ ကျင့်ဝတ်ကို ဖောက်ဖျက်ရင်တော့ အရေးမယူသေးတာဘဲ ရှိတယ်၊ လိုအပ်လာရင်တော့ အရေးယူရမှာပေါ့။ လူပုဂ္ဂိုလ်အနေနဲ့က အရပ်သားဆိုရင် ပြဿနာမရှိဘူး။ ကျနော်တို့ကျတော့ နိုင်ငံတော်ရဲ့ နောက်မှာ အရိပ်အာဝါသ ရှိတယ်။ မှားရင်တော့ ကျနော်တို့က အရေးယူရမှာပါ” လို့ ပြောပါတယ်။ အဲဒီအကောင့်တုတင်တဲ့ ပို့စ်တွေကို ပဲခူးတိုင်းအတွင်းရှိ သတင်းသမားတွေရဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေကို Tag တွဲ ဖော်ပြနေတာကြောင့် သတင်းသမားတွေ အနေနဲ့လည်း စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ အလွတ်တန်းသတင်းထောက် ကိုဖြိုးကိုလင်း(ညောင်ဝိုင်း)က ပြောပါတယ်။ “အရင်တခါလည်း ပဲခူးမင်းသား ဆိုပြီး အကောင့်တခု ပေါ်ဖူးတယ်။ အဲဒီအကောင့်က ဖော်ပြတာတွေကို စခန်းမှာ အမှုဖွင့်တရားစွဲတော့ သတင်းသမားတွေကို ဌာနဆိုင်ရာတွေက ခေါ်စစ်တယ်။ အခုတခါ အကောင့်အတု ပေါ်လာပြန်တယ်။ ဒီတခါ အကောင့်က သတင်းသမားတွေကို Tag တွဲပြီးတင်တော့ စိတ်အနှောင့်အယှက် ဖြစ်ရတာပေါ့” လို့ ပြောပါတယ်။ အဲဒီအကောင့်တုမှာ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေ တင်ပြခြင်းနဲ့ အရင်ကလည်း ပဲခူးမင်းသားဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တခု ပေါ်ထွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သတင်းသမားတွေကို ဌာနဆိုင်ရာတွေက ခေါ်ယူမေးမြန်းမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွှတ်ကွင်း)
3 years Ago
Up