ပဲခူးတိုင်းတွင် ရေကြီးရေလျှံ၍ စာသင်ကျောင်း ၄၀ ခန့် ခေတ္တပိတ်

August 30, 2018

ပဲခူးတိုင်းတွင် ရေကြီးရေလျှံ၍ စာသင်ကျောင်း ၄၀ ခန့် ခေတ္တပိတ်

ပဲခူးတိုင်းဒေသကြီးအတွင်း သြဂုတ် ၂၉ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလို့ မြို့နယ် ၄ ခုက စာသင်ကျောင်း ၄၀ လောက် ခေတ္တပိတ်ထားရတယ်။ မင်းလှမြို့နယ်မှာ မိုးရွာသွန်းမှုကြောင့် အမှတ် ၆ ရပ်ကွက်ပါ ၂ ခုနဲ့ သရက်တပင်ကျေးရွာတို့မှာ ရေအနက် ၁/၁ ပေခွဲလောက် ဝင်ရောက်နေလို့ စာသင်ကျောင်း ၄ ကျောင်း ခေတ္တပိတ်ထားရတယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ အလားတူ ကျောက်ကြီးမြို့နယ်အတွင်းမှာလည်း မိုးရွာသွန်းမှုကြောင့် ပဲခူးရပ်ကွက်မှာ ရေအနက် ၂ ပေလောက် ဝင်ရောက်နေလို့ အိမ်ထောင်စု ၄ စု၊ လူဦးရေ ၁၉ ဦး (ကျား ၁၀၊ မ ၉) တို့မှာ မြို့တွင်းဘုန်းကြီးကျောင်းကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ အုတ်တွင်းမြို့နယ်အတွင်းမှာလည်း စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ဇီးဖြူသောင်ကျေးရွာပါ ၂၇ ရွာမှာ ရေအနက် ၁/၂ ပေလောက် ဝင်ရောက်နေလို့ စာသင်ကျောင်း ၂၇ ကျောင်း ခေတ္တပိတ်ထားရတယ်လို့ သိရပါတယ်။ အုတ်ဖိုမြို့နယ်အတွင်းမှာလည်း မိုးရွာသွန်းမှုကြောင့် မြို့မရပ်ကွက်နဲ့ ဆင်ဂေါင်းကျေးရွာပါ ၆ ရွာမှာ ရေအနက် ၁/၂ ပေလောက် ဝင်ရောက်နေလို့ စာသင်ကျောင်း ၇ ကျောင်း ခေတ္တပိတ်ထားခဲ့ရပါတယ်။ သြဂုတ် ၂၉ ရက်နေ့ ညနေ ၄ နာရီခွဲမှာလည်း မြို့မရပ်ကွက်ရှိ အ.ထ.က (အုတ်ဖို ဝင်းအတွင်း ကျောင်းသားတဦးဖြစ်တဲ့ မောင်ဖိုးသား (ခ) ဥက္ကာဇင်ဝိုင်း(၁၅)နှစ်ဟာ ရေအနက် ၁ ပေလောက် ဝင်ရောက်နေတဲ့ စာသင်ကျောင်း ဘောလုံးကွင်းမှာ ရေကူးနေစဉ် ရေမြောင်းအတွင်း ရေစီးနဲ့အတူ မျောပါပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ဒိုက်ဦးမြို့နယ်အတွင်းမှာလည်း ရဲနွယ်ချောင်းရေမြင့်တက်မှုကြောင့် ဆင်တဲကျေးရွာမှာ ရေအနက် ၁/၂ ပေလောက် ဝင်ရောက်နေလို့ စာသင်ကျောင်း ၁ ကျောင်း ခေတ္တပိတ်ထားရကြောင်း သိရပါတယ်။
5 years Ago
Up