ပဲခူး

May 7, 2022

ပဲခူးမြို့ရှိ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ရုံးတွင် သတ်မှတ်ကြေးထက်ပိုပြီး အဓမ္မငွေကောက်ခံနေ

ပဲခူးမြို့က စစ်ကောင်စီလက်အောက်ခံ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးတဲ့ရုံးမှာ ရုံးတာဝန်ခံဝန်ထမ်းက ပတ်စ်ပို့စ် လာလုပ်တဲ့ ပြည်သူလူထုတွေထံကနေ  သတ်မှတ်ကြေးထက်ပိုပြီး အဓမ္မငွေတောင်းနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ 

ပတ်စ်ပို့သွားလုပ်ခဲ့တဲ့ ဒေသခံတဦးက  “ ပတ်စ်ပို့လုပ်ရင် တယောက်ကို တရားဝင် သွင်းကြေးက ကျပ် ၃၀၀၀၀ လောက်ပေးရတာဖြစ်ပေမဲ့  ရုံးတာဝန်ခံတင်ထွန်း ဆိုသူက ပတ်စ်ပို့လျှောက်လွှာ တစောင်ကို ကျပ် ၁၇၀,၀၀၀ ပေးမှ ထုတ်ပေးတယ်”လို့  ပြောပါတယ်

ဒါ့အပြင် မှတ်ပုံတင်မပါရင် ကျပ် ၃၀၀၀၀ ၊ အိမ်ထောင်စုစာရင်းမပါရင် ကျပ် ၃၀၀၀၀ ၊ အဝင်တံဆိပ်တုံးမရှိရင် ကျပ်၃၀၀၀၀ ၊ အထွက်တံဆိပ်တုံးမရှိရင် ၃၀၀၀၀ လည်း ထပ်ပေးရတဲ့အပြင် စာအုပ်ပျက်စီးတယ် အကြောင်းပြပြီး ဒဏ်ကြေး ၆၀,၀၀၀ ပါ ထပ်တောင်းနေတာကြောင့် ပတ်စ်ပို့သွားလုပ်သူတွေ အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင် ရှားပြီး စီးပွားရေး အဆင်မပြေကြတာကြောင့် တရားဝင်ရော တရားမဝင်လမ်းကြောင်းတွေကပါ ပြည်ပကို ထွက်ခွာ အလုပ်လုပ်လိုသူတွေ  နေ့စဥ် များလာနေတာ ဖြစ်ပါတယ်။ 

3 weeks Ago

February 1, 2022

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပဲခူးက မီးဖွားတော့မည့် အမျိုးသမီးတစ်ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အင်းဝင် (၁၀) လမ်းထိပ်အနီး ဆေးဆိုင်တစ်ဆိုင်မှာ  စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဇန်နဝါရီ ၃၁ ရက်  ည ၉ နာရီပတ်ဝန်းကျင်မှာ  ပစ်ခတ်သံတစ်ချက်ကြားရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို ထိမှန်သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။ 

သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ “Htun” ပင်လယ်စာဆိုင်ဖွင့်ထားသူတစ်ဦးဖြစ်ပြီး ဖေဖော်ရီ၁၇ ရက်ဝန်းကျင်မှာ မီးဖွားတော့မယ်လို့ သိရပါတယ်။

အဆိုပါညက အမှတ် ၂ ရဲစခန်းမှာ ဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ရဲတပ်ဖွဲ့တွေက ရမ်းသမ်း ပစ်ခတ်တာတွေပြုလုပ်ခဲ့သလို ဖြတ်သွား ဖြတ်လာလုပ်တဲ့ လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ 

အခုလို သေဆုံးတာနဲ့ပတ်သက်လို့ ရဲမှုခင်းဖွင့်ချက်မှာ ချော်လဲပြီး သေဆုံးတာလို့ ရေးထားပေမယ့် မှုခင်းဓာတ်ပုံမှာတော့ ကိုယ်တွင်းဖောက်ထွင်း ဒဏ်ရာတွေနဲ့တွေ့မြင်ရတယ်လို့ အဆိုပါသေဆုံးမှုနဲ့ပတ်သက်ပြီး ကိုယ်တိုင်သွားရောက်အတည်ပြုခဲ့သူတစ်ဦးက ပြောပါတယ်။

4 months Ago
More News
Up