ပိုလန်အသင်းဟာ ပေါ်တူဂီနည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်ကို နည်းပြချုပ်အဖြစ် ခေါ်ယူခန့်အပ် လိုက်ပါတယ်။
ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ ချန်ပီယံနဲ့ နေးရှင်းနယ်လိဂ်ချန်ပီယံဆုတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားရလဒ်ကြောင့် ပေါ်တူဂီအသင်းက ထုတ်ပယ်ခဲ့တာပါ။
ပိုလန်အသင်းဟာ ဆန်းတို့စ်ကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သူကိုယ်တိုင် ပိုလန်လူမျိုးတဦး ဖြစ်သွားသလို ခံယူထားပြီး ပိုလန်ပရိသတ်တွေ ပျော်ရွှင်ခွင့်ရဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ဆန်းတို့စ်က ပြောပါတယ်။
ဆန်းတို့စ်ဟာ ပိုလန်အသင်းသမိုင်းတလျှောက် တတိယမြောက် နိုင်ငံခြားသားနည်းပြဖြစ်ပါတယ်။ ဆန်းတို့စ်ဟာ အရင်က ဂရိနဲ့ ပေါ်တူဂီတို့ကို ကိုင်တွယ်ခဲ့တာမို့ ပိုလန်အသင်းက သူတာဝန်ယူမယ့် တတိယမြောက် နိုင်ငံအသင်းဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ လစ်လပ်နေတဲ့ အသင်းနည်းပြချုပ်ရာထူးအတွက် ဘယ်လ်ဂျီယံ နည်းပြ ဟောင်းမာတီနက်ဇ်နဲ့ အကြိုသဘောတူညီမှုရရှိထားပါတယ်။
ပေါ်တူဂီအသင်းကို ၈ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ဖာနန်ဒိဆန်းတို့စ်ဟာ ကမ္ဘာ့ဖလားအပြီးမှာ အသင်းနဲ့ လမ်းခွဲသွားခဲ့တာပါ။
မာတီနက်ဇ်ဟာလည်း ဘယ်လ်ဂျီယံအသင်းကို အုပ်စုအဆင့်ကနေကျော်လွန်အောင် စွမ်း ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့သူပါ။
ဒါပေမဲ့ ပေါ်တူဂီအက်ဖ်အေဟာ စပိန်လူမျိုးနည်းပြ မာတီနက်ဇ်အပေါ် သဘောကျနေပြီး လာမယ့်တစ်ပတ်အတွင်းမှာ တရားဝင်ခန့်အပ်နိုင်ဖို့လုပ်ဆောင်နေပါတယ်။
အသက် ၄၉ နှစ်ရှိ နည်းပြမာတီနက်ဇ်ဟာ ဆွမ်ဆီး၊ ဝီဂန်၊ အဲဗာတန်အသင်းတွေကို တာဝန်ယူခဲ့ပြီး နောက် ၂၀၁၆ ခုနှစ်ကစတင်ပြီး ဘယ်လ်ဂျီယံအသင်းကိုတာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။