ပေါ်တူဂီတိုက်စစ်မှူး

October 15, 2020

ရော်နယ်ဒိုနေရာ ဝင်ကစားခဲ့ရပေမဲ့ ဖိအားမရှိခဲ့ဟု ဂျိုတာပြော

အသင်းခေါင်းဆောင် ရော်နယ်ဒိုရဲ့နေရာမှာ ဝင်ရောက်ကစားခဲ့ရပေမယ့် ဖိအားရှိတယ်လို့ မခံစားခဲ့ရကြောင်း ပေါ်တူဂီတိုက်စစ်မှူး ဒီယိုဂို ဂျိုတာက ပြောပါတယ်။  ဂျိုတာဟာ ဆွီဒင်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။  လီဗာပူးတောင်ပံကစားသမားဟာ ဒီပွဲမှာ ၂ ဂိုးသွင်းကာ ၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ဂျိုတာရဲ့ ဒုတိယမြောက်နိုင်ငံအသင်းအတွက် ကစားပေးမှုဖြစ်ပြီး အဓိကကစားသမား ရော်နယ်ဒို ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် အနားယူနေရချိန် သူ့နေရာမှာ ဝင်ရောက်ကစားခွင့်ရရှိခဲ့တာပါ။ ဆွီဒင်နဲ့ပွဲစဉ်ဟာ ကစားသမားဘဝအတွက် အကောင်းဆုံးပွဲစဉ်တစ်ခုဖြစ်တယ်လို့ အသက် ၂၃ နှစ် အရွယ်ကစားသမား ဂျိုတာက ပြောပါတယ်။  “ဒါဟာ အရမ်းကိုကောင်းပါတယ်။ ကျနော့်နိုင်ငံအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေထဲက တခုပါပဲ။ ကျနောတို့အသင်းဟာ ရင်ဆိုင်ရခက်တဲ့ ဆွီဒင်လိုအသင်း မျိုးကိုဖြတ်ကျော်အနိုင်ယူခဲ့တာဖြစ်ပြီး ဒီအတွက်လည်း ဂုဏ်ယူပါတယ်။ ပွဲစဉ်တိုင်းအတွက် နည်းပြက အကောင်းဆုံးကစားသမား ၁၁ ယောက်ကို ရွေးချယ်မှာဖြစ်ပြီး ကျနော်ကတော့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျနော့်အတွက် အကောင်းဆုံးအခိုက်အတန့်တွေပါပဲ။ လီဗာပူးအသင်းကို  ပြောင်းရွှေ့ခွင့်ရခဲ့ခြင်းက ကစားသမားဘဝအတွက် ကြီးမားတဲ့ ခြေလှမ်းတခုဖြစ်သလို အခုလိုမျိုး နိုင်ငံအသင်းအတွက် ပွဲထွက်ခွင့်လည်း ရရှိခဲ့ပြီဖြစ်တာကြောင့် ကျနော်အကောင်းဆုံးကြိုးစားသွားပါ့မယ်။” ပေါ်တူဂီအသင်းဟာ Group A3 ရဲ့ အုပ်စုပွဲစဉ် ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေရလဒ်ကို ရရှိထားပါတယ်။  ဆွီဒင်နဲ့ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အသင်းရဲ့ကစားပုံအတွက် ကျေနပ်မိတယ်လို့ ပေါ်တူဂီနည်းပြ ဆန်းတို့စ်က ပြောပါတယ်။ ပေါ်တူဂီအသင်းအတွက် ပထမဆုံးဂိုးကို ဂျိူတာရဲ့ဖန်တီးပေးမှုကနေ ဘာနာဒိုဆေးလ်ဗားက သွင်းယူခဲ့တာဖြစ်ပါတယ်။
7 months Ago
Up