ပေါင် ၈ သိန်းခွဲ

November 26, 2019

စီရော်နယ်ဒိုကြောင့် မန်ယူနိုက်တက် ပေါင် ၈ သိန်းခွဲခန့် ရရှိမည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးဟောင်း ခရစ်တီယာနိုရော်နယ်ဒိုကြောင့် ဂျူဗင်တပ်စ်အသင်းထံကနေ ပေါင် ၈ သိန်းခွဲလောက် အပိုဆုကြေး ထပ်ရဖို့ရှိနေပါတယ်။ ၂၀၀၁ ခုနှစ်က သတ်မှတ်ခဲ့တဲ့ ဖီဖာရဲ့စည်းမျဉ်းအရ ယူနိုက်တက်အနေနဲ့ ဂျူဗင်တပ်စ်ဆီကနေ အခုလို ငွေကြေးတရပ် ထပ်မံရရှိနိုင်မှာ ဖြစ်ပါတယ်။  ဖီဖာရဲ့ စည်းမျဉ်းအရ အသက် ၁၂ နှစ်ကနေ ၂၃ နှစ်အတွင်း ကစားသမားကို ပြုစုပျိုးထောင်ပေးခဲ့တဲ့အသင်းအတွက် နစ်နာကြေးသဘောမျိုးနဲ့ အခုလို ဆုကြေးတရပ်ကို ပေးဆောင်စေတာ ဖြစ်ပါတယ်။  ရော်နယ်ဒိုဟာ အသက် ၁၈ အရွယ်မှာ ပေါင် ၁၂ ဒသမ ၂၄ သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီးတော့ ၆ နှစ်အကြာ ၂၀၀၉ ခုနှစ်အရောက်မှာတော့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ စီးရီးအေ ချန်ပီယံအသင်းဆီကို ပေါင် ၈၈ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့လို့ ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ယူနိုက်ဟာ စုစုပေါင်း ပေါင် ၂ ဒသမ ၂ သန်းလောက် အမြတ်ထွက်ခဲ့တယ်လို့ဆို ရမှာပါ။ ရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်း သမိုင်းမှာလည်း အကောင်းဆုံး ကစားသမားတဦးအဖြစ် မှတ်တမ်းဝင်ခဲ့သလို ယူနိုက်တက် ကစားသမားဘဝနဲ့ ၂၀၀၈ ခုနှစ်မှာ ဘလွန်းဒီအောဆုကို စတင်ရရှိပြီး ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တို့မှာ PFA အကောင်းဆုံး ကစားသမားဆုကို နှစ်နှစ် ဆက်ရရှိခဲ့ပါတယ်။ အသင်းအတွက် ၆ ရာသီအတွင်း ၂၉၂ ပွဲကစားပြီး ၁၁၈ ဂိုး သွင်းယူပေးခဲ့သလို ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ ကမ္ဘာ့ကလပ်များဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ အသီးသီးရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
2 years Ago
Up