ပေါင် ၁၅ သန်းရမှ

February 8, 2020

မန်ယူနိုက်တက်က ပေါင် ၁၅ သန်းရမှ စမောလင်းကို ရောင်းမည်

ပေါင် ၁၅ သန်းအောက် လျော့နည်းတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ဆိုရင် နောက်ခံလူ ခရစ္စစမောလင်းကို ယူနိုက်တက်ဘက်က ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ The Sun သတင်းမှာ ဖော်ပြပါတယ်။  အသက် ၃၀ အရွယ် အင်္ဂလန်နောက်ခံလူဟာ အသင်းကို လက်စတာနောက်ခံလူ ဟယ်ရီမက်ဂွိုင်ယား ရောက်ရှိလာခဲ့ပြီးတဲ့နောက် ဆိုးလ်ရှားရဲ့အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သူ ဖြစ်ပါတယ်။  အဲဒီနောက်မှာ သူဟာ စီးရီးအေကလပ် ရိုးမားအသင်းကို တရာသီအငှားနဲ့ သြဂုတ်လမှာ ပြောင်းရွှေ့သွားခဲ့ပါတယ်။  ရိုးမားကို ပြောင်းရွှေ့သွားခဲ့ရပြီးတဲ့ နောက်ပိုင်းကတည်းက စမောလင်းဟာ အင်္ဂလန် လက်ရွေးစင်အသင်းမှာလည်း ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပါတယ်။  ဒါပေမဲ့ ကစားသမားဟာ အီတလီမြေမှာ သူ့ခြေစွမ်းအမှန်ကို ထုတ်ပြနိုင်ခဲ့ပြီး ရိုးမားအသင်းနဲ့အတူ ကောင်းမွန်တဲ့ အခိုက်အတန့်တချို့ကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူဟာ လက်ရှိအချိန်အထိ ရိုးမားအသင်းအတွက် ၂၂  ပွဲ ပွဲထွက်ခွင့်ရရှိခဲ့ပြီး နှစ်ဂိုးသွင်းကာ တဂိုး ဖန်တီးပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။  ဒါ့ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ရိုးမားအသင်းက ခံစစ်ကစားသမားကို ရာသီကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူဖို့ ကြိုးစားလာခဲ့တာပဲ ဖြစ်ပါတယ်။  ဒါပေမဲ့ ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ ဗဟိုနောက်ခံလူအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၅ သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။  ဒါ့အပြင် ဒီဈေးကို မပေးနိုင်တဲ့ ကမ်းလှမ်းမှုမျိုးကိုလည်း လက်ခံစဉ်းစားသွားမှာ မဟုတ်ဘူးလို့ Sport Witness သတင်းမှာ ဖော်ပြပါတယ်။  ဒါ့ကြောင့် စမောလင်းရဲ့ အီတလီအိပ်မက်ဟာ ရိုးမားအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရ၊ မရနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး အီတလီအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့် ရရှိတဲ့ ဆုကြေးငွေကိုရမှသာ စမောလင်းကို ခေါ်ယူဖို့ ငွေကြေးသုံးစွဲနိုင်ဖို့ ရှိနေပါတယ်။  လာမယ့် ဒီဇင်ဘာမှာ ၃၁ နှစ်ပြည့်မယ့် စမောလင်းကို ကာလရှည် ခေါ်ယူချင်တယ်ဆိုရင် ရိုးမားအသင်းဟာ ကစားသမားအတွက် မြင့်မားတဲ့ လုပ်ခလစာကိုလည်း ပေးချေသွားရဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာ စမောလင်းကို ပရီးမီးယားလိဂ်ကလပ်အသင်း တချို့ကလည်း စိတ်ဝင်စားနေပြီး  ယူနိုက်တက်အသင်းဘက်ကတော့ သူတို့ရဲ့ ဗဟိုနောက်ခံလူအတွက် ဈေးလျှော့ပေးသွားဖို့ ရှိမနေပါဘူး။  ဒါ့ကြောင့် အင်္ဂလန်နောက်ခံလူရဲ့ အနာဂတ်ဟာ ရိုမားအသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အပေါ်မှာ အပြည့်အဝမူတည်နေပြီး အီတလီအသင်းကသာ ချန်ပီယံလိဂ်ဝင်ခွင့်ကနေ ဆုကြေးငွေပေါင် ၄၃ သန်းမရခဲ့ပါက ကစားသမားကို အင်္ဂလန်မြေမှာ ထပ်မံမြင်တွေ့ရဖို့ ရှိနေပါတယ်။
1 year Ago
Up