ဘီတဲလ် ဂီတအဖွဲ့ဝင်ဟောင်း ဂျွန်လင်နွန်ရဲ့ နေကာမျက်မှန်ကို ဒီဇင်ဘာ ၁၅ ရက်နေ့က လန်ဒန် ဆာသယ်ဘီ လေလံပွဲမှာ စတာလင်ပေါင် ၁၃၇,၅၀၀ ( ကန်ဒေါ်လာ ၁၈၀,၀၀၀ ကျော်) နဲ့ ရောင်းချခဲ့ပါတယ်။
ဂျွန်လင်နွန်ရဲ့ မျက်မှန်ကို သူ့ရဲ့ကားဒရိုင်ဘာဟောင်းတယောက် ဖြစ်တဲ့ အလန်ဟဲရင်းက ရောင်းချခဲ့တာပါ။
ဟဲရင်းရဲ့ သက်သေခံစာအရ ဂျွန်လင်နွန် အပါအဝင် ဝိုင်းတော်သားတွေကို ကားနဲ့ လိုက်ပို့ခဲ့ပြီးနောက် ဂျွန်လင်နွန်က ဟဲရင်းကို နေကာမျက်မှန်ပေးခဲ့တယ်လို့ သိရပါတယ်။
လေလံပွဲမှာ အခုရောင်းချခဲ့တဲ့ ဂျွန်လင်နွန် မျက်မှန်ဟာ Oliver Goldsmith က ထုတ်တဲ့ ရွှေရောင်ကိုင်း၊ အစိမ်းရောင်မှန်အဝိုင်းနဲ့ မျက်မှန်ဖြစ်ပြီး အတွင်းဘက်မှာ Oliver Goldsmith ဆိုတဲ့စာကို ထွင်းထားပါတယ်။
မျက်မှန်ကိုင်းတဖက်က ချောင်နေပြီး မှန်တွေမှာ ခြစ်ရာအနည်းအကျဉ်း ရှိတယ်လို့ ဆာသယ်ဘီ လေလံပွဲက ဆိုပါတယ်။ အခုမျက်မှန်ဟာ လေလံပွဲမှာ ပထမဆုံးရောင်းတဲ့ ဂျွန်လင်နွန်ရဲ့မျက်မှန် မဟုတ်ဘဲ ၁၉၉၆၊ ၂၀၀၇ နဲ့ ၂၀၁၄ ခုနှစ်တွေကလည်း ဂျွန်လင်နွန်ရဲ့ မျက်မှန်တွေကို လေလံပွဲမှာ ရောင်းချဖူးတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago