ပေါင်မြို့

March 20, 2021

ပေါင်မြို့တွင် စစ်တပ်နှင့်ရဲက ပစ်ခတ်သဖြင့် လူငယ် ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ ပေါင်မြို့မှာ မတ်လ ၁၉ ရက်နေ့က ညဘက် အပြင်ထွက်တဲ့ အရပ်သား ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့  လူငယ် ၁ ဦး သေဆုံးသွားတယ်လို့  ဒေသခံတွေ ဒီဗွီဘီကို ပြောပါတယ်။

ပေါင်မြို့၊ ကဒုံစီးရပ်ကွက်နေသူ ကိုဇော်အောင်နဲ့ သူငယ်ချင်း ၃ ဦးဟာ ည ၁၂ နာရီ အချိန်လောက်မှာ ပေါင်လမ်းမကြီးအတိုင်း ဆိုင်ကယ်နဲ့ မောင်းနှင်းလာခဲ့တာဖြစ်ပြီး ပေါင်မြို့မ ရဲစခန်းအနီးအနားမှာ  သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် အသက် ၃၀ အရွယ် ကိုဇော်အောင်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ကျန် သူငယ်ချင်း ၂ ဦးမှာ သေနတ် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ တခြား သူငယ်ချင်း ၁ ဦးကတော့ လက်မောင်း ကျဉ်ဆန်ထိမှန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေပါတယ်။

သေနတ် ကျဉ်ဆန် ၂ ချက် ထိမှန်ခဲ့တဲ့ ကျန် သူငယ်ချင်း ၁ ဦးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက မော်လမြိုင် တပ်မတော် ကုတင် ၃၀၀ ဆေးရုံကို ပို့ဆောင်ထားပါတယ်။

ပေါင်မြို့မှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ပထမဦးဆုံး လူသေဆုံးမှု ဖြစ်တာပေါ်ခဲ့တာဖြစ်ပြီး လက်ရှိ  ပေါင်မြို့မရဲစခန်း ဝန်းကျင်မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နေရာယူထားပါတယ်။

3 weeks Ago

February 14, 2021

ပေါင်မြို့ဆန္ဒပြပွဲတွင် ပါဝင်မှုကြောင့် ဖမ်းဆီးခံရသူ ပြန်လွတ်

သထုံခရိုင်၊ ပေါင်မြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲမှာ တက်ကြွလှုပ်ရှား ပါဝင်ခဲ့မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိုစည်သူအောင်ကို ဖေဖော်ဝါရီ ၁၃ရက်နေ့ ညက ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

တပ်မတော်က အာဏာသိမ်းမှုအပေါ် ပေါင်မြို့မှာ ဆန္ဒပြခဲ့တဲ့ ကျွဲခြံကျေးရွာ၊ ဘူတာပိုင်းနေသူ ကိုစည်သူအောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညပိုင်းမျာ တပ်နဲ့ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။

“ကျနော့်သားကို သူတို့ လာခေါ်သွားတာက ကြာသပတေးနေ့ည ၁၀ နာရီ ၄၅ လောက်က ခဏဆွေးနွေးမယ်ဆိုပြီး ခေါ်သွားတာပါ။ မိဘတစ်ယောက်အနေနဲ့ သားကိုရိုက်မှာ ထုထောင်းမှာတို့ကို စိုးရိမ်တာပေါ့။ ၂ ရက်တိတိ ဘာအဆက်အသွယ်မှမရဘဲ ပျောက်နေတာ ဆိုတော့။ ကျနော့်သားက သူတို့ပြောသလို မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ ရိုးရိုးသားသား ဆန္ဒလိုက်ပြနေတာ” လို့ DVB ကို ပြောပါတယ်။

စစ်အာဏာရှင် အလိုမရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြသူတွေဟာ ဖမ်းဆီးခံထားရသူ ကိုစည်သူအောင်ကို ပြန်လွတ်ပေးဖို့ ပေါင်မြို့မရဲစခန်းအရှေ့မှာ ထိုင်သပိတ်ပြုလုပ်ပြီး တောင်းဆိုခဲ့ကြတာပါ။

ဆန္ဒပြသူတွေရဲ့  တောင်းဆိုမှုကြောင့် မနေ့ည ‌၇ နာရီမှာ ကိုစည်သူအောင်ကို ပေါင်မြို့မရဲစခန်းက ခံဝန်ထိုးပြီး မိဘထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။

2 months Ago
More News
Up