ပေါက်မြို့နယ်

A d v e r t i s e m e n t With Us

January 26, 2020

ပေါက်မြို့နယ်တွင် ဆရာ၊ ဆရာမများ ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်

အခြေခံပညာကျောင်းတွေ စာသင်ချိန်တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဆရာ၊ ဆရာမတွေ ဦးဆောင်ပြီး  ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့ကြပါတယ်။ “ဖဲကြိုးစိမ်းလှုပ်ရှားမှုက မတ်လအထိ ကျောင်းတက်တာကို ကန့်ကွက်တာဆိုသော်လည်းဘဲ အဓိက ရည်ရွယ်ချက်သုံးခု ရှိပါတယ်။ ပထမက တပည့်ကျောင်းသား ကျောင်းသူများဟာ အဓိပ္ပါယ်ရှိ လေးနက်တဲ့ သင်ယူမှုတွေကိုပဲ လုပ်စေချင်ပါတယ်။ ကလေးတွေအတွက် အဓိကရည်ရွယ်တာပါ။ ဒုတိယရည်ရွယ်ချက်ကတော့ ​ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ပညာရေးဟာ အရှိန်အဟုန်နဲ့ တစိုက်မတ်မတ် ပြေးရင်တောင်မှ တခြားနိုင်ငံတွေမီဖို့ တော်တော်လေးကြိုးစားရမဲ့ အနေအထားမှာ မတည်ငြိမ်တဲ့ မူဝါဒတွေကြောင့် ခရီးဖင့်မှု အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ ပညာရေးမူဝါဒတွေမှာ လေးနက် ခိုင်မာအဓိပ္ပါယ်ရှိတဲ့ မူဝါဒတွေ ပေါ်ထွန်းလာဖို့ ရည်ရွယ်ပါတယ်။ တတိယရည်ရွယ်ချက်ကတော့ ကျနော်တို့ ဆရာ၊ဆရာမတွေက ကိုယ်လုပ်ရမဲ့ အလုပ်ကို ယုံကြည်မှုအပြည့်နဲ့ အားသွန်ခွန်စိုက် လုပ်နိုင်ဖို့ဆိုပြီး တတိယနေရာမှာယူပါတယ်” လို့ အလယ်တန်းပြဆရာ ဦးကောင်းမြတ်ဟိန်းက ပြောပါတယ်။ အဆိုပါလှုပ်ရှားမှုကို ပေါက်မြို့မစျေး တောင်ဘက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမျက်နှာစာမှာ ပြုလုပ်ခဲ့ပြီး တရက်အတွင်း ကန့်ကွက်သူ လက်မှတ် ၅၀၀ ကျော် ရရှိခဲ့ပြီး ပညာရေးဝန်ကြီးရုံး ဝန်ကြီးထံ တင်ပြသွားမယ်လို့ သိရပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာကျောင်းတွေမှာ စာသင်ချိန်ကို မတ်လကုန်ထိ တိုးမြှင့်ခြင်းအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှာတာတွေကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ လဆန်းပိုင်းမှစတင်ပြီး တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ ပြုလုပ်ခဲ့ကြတာပါ။ ကိုလင်း(ချောက်)
1 year Ago

January 5, 2020

ယောချောင်းရေတက်၍ ပေါက်မြို့နယ်ရှိ ကြက်သွန်ခင်းများ ရေမြုပ်

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ယောချောင်းတလျှောက်စိုက်ပျိုးထားတဲ့ ကြက်သွန်ခင်းတွေဟာ ဒီနေ့မနက်ပိုင်း ယောချောင်းရေတက်လာပြီး ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံ တောင်သူတွေ ပြောပါတယ်။ ပေါက်မြို့နယ် လက်ပံလှကျေးရွာနေ ကြက်သွန်စိုက်တောင်သူ ကိုအောင်မင်းစိုးက “ဒီမိုးနဲ့ကတော့ အကုန်ပျက်တော့မှာပါ။ အကုန်လုံးစိုက်ပြီးကုန်ပြီ၊။ ချောင်းအထက်ပိုင်းက တဦးတလေပဲ ကျန်တာ။ ကျနော်ကတော့ ကုန်းနဲ့ချောင်း မျှလုပ်တာ။ ချောင်းက ၂၅ ကျင်းစာတော့ ပါသွားပြီ။ ဆုံးရှုံးမှု နှစ်သိန်းခွဲလောက်ရှိတယ်။ ရွာအနေနဲ့ကတော့ စိုက်ပျိုးသူ ၁၀၀ လောက်ကို အားလုံးနီးပါး ပါသွားပြီ” လို့ ပြောပါတယ်။ ဒီနေ့အထိ မိုးက အနည်းငယ်ရွာနေပြီး ချင်းပြည်နယ်ဘက် မိုးရွာသွန်းတာကြောင့် လက်ပံလှ၊ လယ်ယာ၊ တံစူး၊ ကိုင်းမ၊ သက္ကကျင်း၊ ဘို့မယ်၊ ဝန်ချုး ၊ပင်တောင်၊ ကျောက္ကာ၊တပ်ကုန်း၊ ချောင်းနားစတဲ့ ကျေးရွာတွေနဲ့ ယောချောင်းတလျှောက်က ပေါက်မြို့နယ်တောင်းပိုင်းက ရွာတွေ လည်း ထိခိုက်မှုရှိတယ်လို့ သူက ဆက်ပြောပါတယ်။ မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းကတော့ ခါတိုင်းလည်း ချင်းပြည်နယ်ဘက် မိုးကောင်းရင် ထိခိုက်တာ ရှိနေတတ်ကြောင်း၊ ကြက်သွန်စျေးက ပြီးခဲ့တဲ့နှစ်က ကောင်းလိုက်တဲ့အတွက် ချောင်းထဲအထိ လိုက်စိုက်တော့ မထင်မှတ်ဘဲ မိုးရွာရင် အနည်းနဲ့အများ ပျက်စီးနိုင်ကြောင်း ပြောပါတယ်။  “ပျက်စီးမှုတော့မတက်သေးပါဘူး။ တကယ်လို့ များများစားစား ပျက်စီးမယ်ဆိုရင်တော့ တောင်သူ အကျိုးစီးပွားကာကွယ်ပေးရေးဥပဒေအရတော့ တောင်သူအခွင့်အရေးအတွက် တင်ပြဆောင်ရွက်ပေးသွားမှာပါ” လို့ သူက ပြောပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကလည်း အဲဒီကျေးရွာတွေမှာ အချိန်အခါမဟုတ် မိုးရွာပြီး ချောင်းရေတက်လာလို့ ကြက်သွန်ခင်းအများအပြား နစ်မြုပ်ပျက်စီးခဲ့ပါတယ်။ ကိုလင်း(ချောက်)
1 year Ago
Up