ပေါက်ကွဲ

December 25, 2022

တောင်အာဖရိကတွင် ဓာတ်ငွေ့တင်သင်္ဘော ပေါက်ကွဲပြီး လူ ၈ ဦး သေဆုံး

တောင်အာဖရိကနိုင်ငံရဲ့ အကြီးဆုံးမြို့ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ ဒီဇင်ဘာ ၂၄ ရက်က တံတား တခု အောက်မှာ ဓာတ်ငွေ့တင်သင်္ဘော တစီး ပေါက်ကွဲခဲ့လို့ လူ  ၈ ယောက် သေဆုံးခဲ့ပါတယ်။

လူအများအပြား ဒဏ်ရာရပြီး အနီးနားက အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။

မီးလောင်တဲ့ အခိုက်အတန့်မှာ ကောင်းကင်ယံမှာ မီးတောက်တွေ ပြည့်လျှံနေပြီး အခင်းဖြစ်တဲ့နေရာကနေ ပြေးထွက်သွားတဲ့ လူတွေကို မျက်မြင်သက်သေ ဗီဒီယိုတွေထဲမှာ မြင်ရပါတယ်။

Tambo Memorial ဆေးရုံရဲ့ အရေးပေါ်ဌာနက ခေါင်မိုးတွေ ပေါက်ကွဲလို့ အိမ်နှစ်လုံးနဲ့ ကားအများအပြား ပျက်စီးခဲ့ပြီး ဘေးလူတွေ ဒဏ်ရာရခဲ့ ပါတယ်။

ဓာတ်ငွေ့တင်သင်္ဘောကို တံတားနိမ့်နိမ့် အောက်မှာတင် မီးငြှိမ်းသတ်နိုင်ခဲ့ပေမယ့် စုံစမ်း စစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့  အရေးပေါ် ဝန်ဆောင်မှုပေးရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝီလျံ အန်ရှလာဒီက ပြောပါတယ်။

1 month Ago

December 5, 2022

အင်ဒိုနီးရှားရှိ ဆီမာရူမီးတောင် ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံရှိ ဆီမာရူမီးတောင်ဟာ ဒီဇင်ဘာ ၄ ရက်က ပေါက်ကွဲခဲ့ပြီး မီးခိုးပြာတွေ ကောင်းကင်မှာ ပျံ့နှံ့နေသလို အာဏာပိုင်တွေကလည်း သတိပေးချက်ကို အမြင့်ဆုံး တပ်လှန့်ထား ပါတယ်။
အရှေ့ဂျာဗားပြည်နယ်၊ မီးတောင်တဝိုက် နေထိုင်သူတွေကို နေရာရွှေ့ပြောင်းမှု စတင်နေပြီလို့ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူက ပြည်တွင်းမီဒီယာကို ပြောပါတယ်။
မီးတောင် ပေါက်ကွဲမှု ဗဟိုကနေ ၅ မိုင်အတွင်း ဖြတ်သန်းသွားလာတာမျိုး မလုပ်ဖို့ အာဏာပိုင်တွေက ဒေသခံတွေ ကို သတိပေးထားကြောင်း Kompas ရုပ်သံမှာ ဖော်ပြပါတယ်။
မီးတောင်ရဲ့ ပေါက်ကွဲထွက်မှုဟာ အမြင့်ပေ ၅၀၀၀ အထိ ရှိခဲ့တယ်ဆိုပြီး အဲ့ဒီနေရာမှာ ဆူနာမီ ဖြစ်နိုင်ခြေကို စောင့်ကြည့်နေတဲ့ ဂျပန် မိုးလေဝသအေဂျင်စီက ဆိုပါတယ်။
အင်ဒိုနီးရှားမြို့တော် ဂျာကာတာရဲ့ အရှေ့ဘက်၊ မိုင် ၄၀၀ အကွာ မှာရှိတဲ့ ဂျာဗားကျွန်း အရှေ့ဘက်ခြမ်းက ဒီပေါက်ကွဲမှုကြောင့် ကျွန်းရဲ့အနောက်ဘက်ခြမ်းမှာ မြေငလျင် လှုပ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း ဒီလိုမြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒီမီးတောင်ဟာ ဂရင်းနစ်စံတော်ချိန် ည ၇ နာရီ ၄၆ မိနစ်က စတင်ပေါက်ကွဲတာ ဖြစ်တယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ BNPP က ထုတ်ပြန်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မီးတောင်ပေါင်း ၁၄၂ လုံးနဲ့ ကမ္ဘာပေါ်က မီးတောင်တစ်ဝိုက်နေထိုင်တဲ့ လူဦးရေအများဆုံးနိုင်ငံ တနိုင်ငံဖြစ်ပြီး မီးတောင်ဧရိယာတစ်ဝိုက် ၆ မိုင်အတွင်းမှာတင် လူဦးရေ ၈ ဒသမ ၆ သန်းအထိ ရှိနေတာပါ။

2 months Ago
More News
Up