ပယောဂ

April 15, 2017

ပယောဂကုပေးမည်ဆိုပြီး တရားလာအားထုတ်သည့် အဖွား ၃ ဦးကို ရိုက်နှက်ရာ ၁ ဦးသေဆုံး

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် စငေါဝ်းကျေးရွာအုပ်စု ကောင်စေတီတောရကျောင်းမှာနေတဲ့ ကိုရင်တပါးက တရားလာ အားထုတ်သူအဖွား ၃ ဦးကို ပယောဂကုသပေးမယ်ဆိုပြီး ရိုက်နက်ရာမှ ဧပြီလ ၁၄ ရက်နေ့က အဖွား ၁ ဦးသေဆုံးသွားပါတယ်။ တန်ခူးလပြည့် ဧပြီလ ၁၁ ရက်နေ့က တောင်ကြီးမြို့နယ်နောင်ကားရွာ အဖွား ၃ ဦးက တရား အားထုတ်ဖို့သွားနေကြ ဟိုပုံးမြို့နယ် ကောင်စေတီတောရကျောင်းကိုသွားပြီး ဧပြီလ ၁၃ ရက်နေ့မှာ ကိုရင်က ပယောဂကုသပေးမယ်ဆိုပြီး ဝါးလုံးနဲ့ရိုက်နက်ရာမှ ဧပြီလ ၁၄ ရက်နေ့က တဦး သေဆုံးသွာပါတယ်။ "အဖွားတို့ကို နား၊ မျက်နှာ၊ မျက်စိ၊ ရင်၊ ဗိုက်၊ ဦးခေါင်း၊ ကျော၊ လက် စတာတွေကို ဝါးလုံးနဲ့ ကိုရင်က ရိုက်တယ်။ အရမ်းနာလည်း ပြောမရ တားမရခဲ့ဘူး၊ အပြင်လည်း ပေးမထွက်ဘူး။ သေဆုံးတဲ့အဖွားက အရင်ဆုံးအရိုက်ခံရတာ၊ ရိုက်ပြီးနား၊ နှာခေါင်းသွေးထွက်လာတယ် မရပ်ဘဲဆက်ရိုက်နေတယ်။ ဝါးလုံးနဲ့ ရိုက်တာအပြင် ဖိနပ်နဲ့ ရိုက်သေးတယ်။ အဖွားတို့ကို တယောက်ပြီးတယောက် ရိုက်တယ်။ ရိုက်ပြီးတော့ လုံးဝ မထနိုင်တော့ဘူး"လို့ အရိုက်ခံရတဲ့အဖွား ဒေါ်နန်းဆွေက ပြောပါတယ်။ အရိုက်ခံရတဲ့အဖွားဒေါ်နန်းဆွေရဲ့ သားဖြစ်သူ ခွန်မျိုးဇော်ကလည်း "အမေတို့က တရားသွား အားထုတ်တာ ကိုရင်ကခေါ်ပြီး ဆေးတိုက်တယ်။ ပယောဂကုသတယ်ဆိုပြီး ရိုက်တယ်။ ဘယ်လောက်တားတား မရဘူး အမေဖုန်းဆက်လာတော့ ကျနော်တို့ အချိန်မီသွားခေါ်လိုက်တာ အဖွားဒေါ်နန်တွမ်က ဆုံးသွားတယ်။ ပြန်ခေါ်တာတောင် ပေးမပြန်ဘူး။ အတင်းခေါ်ရတာ မဟုတ်ရင် ကျနော်အမေလည်း အသက်ပါနိုင်တယ်"လို့ ပြောပါတယ်။ အရိုက်ခံရတဲ့ နောင်ကားရွာ ပိန္နဲပင်ရပ်ကွက် အဖွားဒေါ်နန်းတွမ်က သေဆုံးသွားပြီး၊ နောင်ကား ရွာကြီးမှာနေတဲ့အဖွား ဒေါ်နန်းလောနဲ့ ဒေါ်နန်းဆွေတို့က ကိုယ်လက်မျက်စိရောင်ကိုင်းနေသေး ကြောင်း သိရပါတယ်။ ကောင်စေတီတောရကျောင်း ကိုရင်ကို သေဆုံးသူ မိသားစုတွေက ဟိုပုံးရဲစခန်းမှာ အမှုဖွင့်ထားကြောင်း သိရပါတယ်။ သတင်း - ခွန်ရာဇာ
4 years Ago

February 22, 2017

သရဲပူးကပ်ခံရသည့် ဆယ်ကျော်သက်မိန်းကလေးကို ပယောဂချွတ်သည့်ရုပ်သံ ပျံ့နှံ့

အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်မိန်းကလေးတဦးဟာ သရဲတစ္ဆေပူးကပ် ခံခဲ့ရလို့ မိသားစုတွေက ဘုရားကျောင်း သင်းအုပ်ဆရာကိုခေါ်ပြီး ပယောဂချွတ်ပေးခဲ့ရတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီမိန်းကလေးဟာ နီဂရာဂွါနိုင်ငံမှဖြစ်ပြီး သရဲတစ္ဆေ ပူးကပ်ခံရပြီး ထူးခြားတဲ့ပုံစံ၊ ထူးဆန်းတဲ့ အသံတွေနဲ့ ပြောနေခဲ့တာမို့ မိသားစုဝင်တွေက သင်းအုပ်ဆရာကို ခေါ်ခဲ့ရတာပါ။ သူဟာ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက နားထဲမှာ ထူးဆန်းတဲ့အသံတွေကို ကြားနေရပြီး မကောင်းဆိုးဝါးတွေရဲ့ ပုံရိပ်တွေကို မြင်နေခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ မိန်းကလေးဟာ ထူးဆန်းတဲ့အသံတွေနဲ့ ဝူးဝူးဝါဝါး ဟစ်အော်နေခဲ့ပြီး သောင်းကျန်းနေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီမိန်းကလေးဟာ မိသားစုဝင်တွေရဲ့အလယ်မှာ ခုံတလုံးနဲ့အတူ ထိုင်နေခဲ့တာကို တွေ့ရပါတယ်။ သူဟာ စူးစူးဝါးဝါးအော်ဟစ်ပြီး ကန်ကျောက်ဖို့ ကြိုးစားခဲ့တဲ့အတွက် သူ့ရဲ့လက်တွေခြေတွေကို ဘေးကလူတွေက ချုပ်နှောင်ထားခဲ့ရတာကို တွေ့ရပါတယ်။ မိသားစုဝင်တွေကတော့ သမီးဖြစ်သူဟာ နေမကောင်းဖြစ်ချိန်မှာ သွားရောက်ပြသခဲ့တဲ့ စုန်းဆရာဝန် ပြုစားခံရပြီး ခုလိုဖြစ်ရတာလို့ ဆိုပါတယ်။ ဘုရားကျောင်းကတော့ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို မသိနိုင်သေးဘဲ အကြောင်းရင်းကို ရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up