ပပျောက်ရေး

February 8, 2019

ကျူရှင်​စနစ်​ပပျောက်ရေး မိဘနှင့်ဆရာ​များကူညီရန် အတိုင်​ပင်​ခံပုဂ္ဂိုလ်​ တိုက်​တွန်း

မြန်​မာ့ပညာ​ရေးမှာ ကျူရှင်​စနစ်မရှိဖို့ အစိုးရ၊ ဆရာနဲ့ ကျောင်းသားမိဘတွေမှာ တာဝန်ရှိတဲ့ အတွက် အားလုံးက ၀ိုင်းဝန်းကူညီကြဖို့  နိုင်​ငံ​တော်​ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်က​ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဖေ​ဖော်ဝါရီ ၇ ရက်က တောင်​ကြီးမြို့ အ.ထ.က ၂ ​ကျောင်းမှာ လူထုနဲ့တွေ့ဆုံရာမှာ  ​ကျောင်းသားမိဘတဦးက အခု​ခေတ်​မှာ ကျူရှင်​စနစ်​အပြိုင်​ဖြစ်​​နေတာနဲ့ ပတ်သက်ပြီး ဘယ်​လို​ ပြောင်းလဲမှာလဲလို့ မေးမြန်းခဲ့တဲ့အပေါ် ဖြေကြားလိုက်​တာပါ။ ဒေါ်အောင်ဆန်းစုကြည်က ​“ကျူရှင်ဖြစ်ပေါ်လာတာက ဆရာဆရာမတွေနဲ့လည်း ဆိုင်တယ်။ မိဘတွေနဲ့လည်း ဆိုင်တယ်။ စနစ်နဲ့လည်းဆိုင်တယ်။ စနစ်ကတော့ ကျမတို့အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့နှစ်ပိုင်းက မိဘဆရာတွေရဲ့အပိုင်း ဆရာဆရာမတွေနဲ့ မိဘက ကိုယ့်အပိုင်းကိုတော့ တာဝန်ယူရပါမယ်။ စနစ်ဆိုတာဘာလဲဆိုတော့ ပထမ ကျူရှင်စရတဲ့အကြောင်းတကြောင်းကတော့ ဆရာ၊ဆရာမများရဲ့ လစာမလုံလောက်လို့ပေါ့။ လစာမလုံလောက်တဲ့အခါကျတော့ ဘေးက ၀င်ငွေရအောင်လို့ ကျူရှင်ပြတာတွေကဖြစ်လာတယ်။ ပြီးတော့အတန်းထဲမှာ စနစ်မကောင်းတော့ အတန်းထဲမှာ ကောင်းကောင်းစာသင်နိုင်တဲ့ အခြေအနေမရှိတဲ့ အခါကျတော့ မိဘတွေက သူ့သားသမီးတွေ ပညာတတ်စေချင်လို့ဆိုပြီးတော့ ဒီလိုကျူရှင်ပေးတဲ့ဆီကို လွှတ်ထားတာတွေ ဖြစ်လာတယ်။ အဲတော့ မိဘတွေမှာလည်း တာဝန်ရှိတယ်။ ဆရာမတွေမှာလည်းတာဝန်ရှိတယ်။ စနစ်ကိုထူထောင်လိုက်တဲ့ အစိုးရမှာလည်း တာဝန်ရှိတယ်။ အဲဟာတွေကို ပြောင်းလဲချင်တယ်ဆိုရင် ကျမတို့ သုံးဘက်စလုံးကနေပြီးတော့ ၀ိုင်းပြီးတော့ လုပ်ရမယ်” နိုင်​ငံတနိုင်​ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်​ ပညာ​ရေးစနစ်​က အရမ်းအ​ရေးကြီးတဲ့အတွက် သင်ရိုးညွန်းတမ်းတွေဆွဲဖို့၊ ကျောင်းရဲ့အချိန်ဇယားတွေဆွဲဖို့၊ အားလုံးကို ပြန်စိစစ်ပြီးတော့ အတန်းထဲမှာ လိုအပ်တဲ့ ပညာတွေအားလုံး သင်ပေးနိုင်အောင်စနစ် ပြုပြင်ဖို့ လုပ်ဆောင်နေ တယ်လို့လည်းဆိုပါတယ်။ “တချို့ဆရာမတွေက သူတို့ဆီ ကျူရှင်မယူတဲ့ ကလေးတွေကို အမှတ်လိမ်ပေးတာတွေ ရှိတယ်ဆိုပြီး မကြာခဏကြားရတယ်။ ဒါမျိုးတွေလည်းမလုပ်သင့်ဘူး။ ကျမတို့ ၀န်ထမ်းတွေရဲ့ လခတွေက မြင့်သင့်သလောက်မမြင့်ဘူး။ ကျမတို့မြင့်တင်ဖို့ ကြိုးစားနေတယ်။ သိတဲ့အတိုင်းပဲ မကြာခင်က ၀န်ထမ်းလစာတွေကို ကျမတို့အများကြီးမြှင့်ပေးတယ်။ ဒါပေမယ့်လည်း ဒါက ကျမတို့ တတ်နိုင်သလောက် မနည်းကြိုးစားပြီးတော့ လုပ်ရတာ။ ရပ်မိရပ်ဖတွေဘက်ကလည်း ဒီလို ကျူရှင်ဖက်တွန်းပြီးပေးတဲ့ စိတ်ဓာတ်တွေ ပြောင်းအောင်လို့ ၀ိုင်းပြီးတော့လုပ်ပေးကြပါ။  ” နိုင်ငံတော်အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ဒေါ်​အောင်​ဆန်းစုကြည်ဟာ ​ကျောင်းသား​တွေ ပညာသင်​ကြား​နေပုံ၊ ကျောင်းသား​တွေရဲ့ ရည်​မှန်းချက်​ စတာ​တွေကို လိုက်​လံကြည့်ရှု မေးမြန်းပြီး ​ကျောင်းသားမိဘတွေနဲ့ရော ဆရာသမား​တွေ ​တွေ့ဆုံခဲ့တာပါ။
2 years Ago

May 2, 2018

ပလတ်စတစ် ပပျောက်ရေး လူထုအသိပညာပေး လှုပ်ရှားမည်

ပလတ်စတစ် စွန့်ပစ်ပစ္စည်းပြဿနာဟာ တနေ့တခြား ကြီးလာနေတာကြောင့် ပလတ်စတစ်အိတ်တွေ သုံးစွဲတာကို ဆန်းစစ်ဖို့၊  ပလတ်စတစ်ပုလင်းတွေကို ပြန်သုံးဖို့ စတဲ့ လှုပ်ရှားမှုတွေလုပ်ပြီး လူတွေကို အသိပညာပေးမယ်လို့ ပလတ်စတစ်ပပျောက်ရေး လှုပ်ရှားနေတဲ့ သန့်မြန်မာအဖွဲ့က ပြောပါတယ်။ သန့်မြန်မာ လှုပ်ရှားမှုရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဖရီဒေါဂျက်စကီက “အကြမ်းဖျင်း ပြောရမယ်ဆိုရင် စွန့်ပစ်ပလတ်စတစ် ၇၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်အသုံးပြုတဲ့ နည်းစနစ်တွေနဲ့ မသုံးကြသေးပါဘူး။ အဲဒါတွေကတော့ ပလတ်စတစ် အပျော့စားတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ ထုပ်ပိုးတဲ့ပစ္စည်းတွေ ဖြစ်ကြပါတယ်။ ဝမ်းသာစရာကောင်းတာကတော့ မြို့တွင်းဧရိယာတွေရဲ့ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းက အမှိုက်တွေကိုတော့ သိမ်းဆည်းနိုင်ပါတယ်။ ဒါတောင် ပလတ်စတစ်ပိုက်တွေကို ကျနော်တို့ရဲ့ ပတ်ဝန်းကျင် နေရာတိုင်းမှာ မြင်တွေ့နေရတယ်” လို့ ပြောပါတယ်။ ကျေးလက်ဒေသတွေနဲ့ နယ်မြို့ငယ်လေးတွေမှာဆိုရင် စွန့်ပစ်ပစ္စည်းတွေ ပစ်ဖို့အတွက် တရားဝင် နေရာသတ်မှတ်မပေးကြလို့ မီးရှို့ကြတာတွေ၊ မြစ်တွေ ချောင်းတွေထဲကို စွန့်ပစ်ကြတာတွေကြောင့် အမှိုက်ပြဿနာဟာ ပိုကြီးမားလာတယ်လို့လည်း သူက ပြောပါတယ်။ “အမှိုက်တန်ချိန်ပေါင်းများစွာကို မြစ်ချောင်းတွေထဲကို စွန့်ပစ်နေကြပြီး အဲဒီထဲက တဝက် ဟာ ပလတ်စတစ်တွေ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဟာဆိုရင်လည်း တခြား အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံက မြစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရေထုအညစ်ညမ်းဆုံးသော မြစ်တခုဖြစ်နေပါတယ်” လို့ ပြောပါတယ်။ ပလတ်စတစ် ပပျောက်ရေးအတွက် အခမဲ့ရနေတဲ့ အိတ်တွေ သုံးတာကို ပြန်ဆန်းစစ်ဖို့၊ ပလတ်စတစ်ဘူးတွေကို ပြန်သုံးဖို့နဲ့ ပလတ်စတစ်ပိုက်တွေ အသုံးမပြုဖို့ လှုပ်ရှားမှုကို လာမယ့် ဇွန် ၅ ရက် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့မှာ မိတ်ဆက်သွားဖို့ရှိနေပါတယ်။ “ပလတ်စတစ်ကို အစားထိုးနိုင်တဲ့ပစ္စည်းနဲ့ နည်းလမ်းတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။ အကောင်းဆုံးနည်းကတော့ (သုံးပြီးသားပစ္စည်းကို) ပြန်သုံးတာပေါ့။ ဒါပေမယ့် ခက်နေတာက လူတွေရဲ့ အမူအကျင့်နဲ့ အတွေးအခေါ်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် ပလတ်စတစ်သုံးတာကိုပဲ ခေတ်မီတယ်လို့ မြင်နေကြတာ” လို့ မစ္စတာ ဖရီဒါက ပြောပါတယ်။ ဆွေးမြေ့နိုင်တဲ့ ပလတ်စတစ်ကိုလည်း အသုံးပြုနိုင်ပြီး သူကတော့ သာမန်ပလတ်စတစ်ထက် ဈေးနှုန်း ၅ ဆပိုကြီးတယ်လို့ သိရပါတယ်။ ပလတ်စတစ် အမှိုက်အကြောင်း အသိပညာပေးတာတွေကို စာသင်ကျောင်းတွေမှာ ပြုလုပ်သွားမှာ ဖြစ်သလို ရန်ကုန်နဲ့ တခြားတိုင်းတွေမှာလည်း လုပ်သွားမယ်လို့ ဆိုပါတယ်။ သန့်မြန်မာဟာ ပလပ်စတစ်ကြောင့် ညစ်ညမ်းနေတာကို တိုက်ဖျက်ဖို့ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ စေတနာ့ဝန်ထမ်းတွေစုပြီး စတင်ဖွဲ့စည်းခဲ့တာပါ။
3 years Ago
Up