ပူးပေါင်း စစ်ရေးလေ့ကျင့်

January 27, 2020

အမေရိကန်နှင့် ကိုလံဘီယာ လေထီးစစ်သည်များ ပူးပေါင်း စစ်ရေးလေ့ကျင့်

ကိုလံဘီယာနိုင်ငံ တိုလေမိုင်ဒါ လေတပ်အခြေစိုက်စခန်းမှာ ဇန်နဝါရီ ၂၇ ရက်နေ့က အမေရိကန်နဲ့ ကိုလံဘီယာနိုင်ငံက လေထီးစစ်သည်တွေ အတူပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ မြို့တော်ဘိုကိုတာရဲ့ အနောက်တောင်ဘက် ၇၆ မိုင်အကွာက လေတပ်စခန်းမှာ ကုန်တင်လေယာဉ်တွေရဲ့ နောက်ပိုင်းကနေ နှစ်နိုင်ငံလုံးက လေထီးစစ်သည်တွေ ခုန်ချ လေ့ကျင့်ခဲ့ကြပါတယ်။ အမေရိကန် သံအမတ်ကြီးနဲ့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးတို့လည်း လေ့ကျင့်တဲ့ နေရာကို တက်ရောက်ခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံ စစ်ဖက်ကြား ပူးတွဲစစ်ဆင်ရေး ဆောင်ရွက်နိုင်စွမ်းကို တိုးမြှင့်ဖို့ ပုံစံထုတ်ထားတာလို့ သူတို့က ပြောပါတယ်။ ကိုလံဘီယာနဲ့ အမေရိကန်တို့က ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုဟာ ဘုံရန်သူလို့ အမြင်ရှိသူတွေပါ။  ဗင်နီဇွဲလားနဲ့ ကိုလံဘီယာ အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ်မိုင် ၁၄၀၀ နီးပါး ထိစပ်နေပြီး ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဆက်ဆံရေး မပြေလည်လို့ သံတမန်ဆက်ဆံရေး ပြတ်စဲထားပါတယ်။ ဗင်နီဇွဲလား စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းအတွင်း သန်းချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ထွက်ပြေးရာ ထိပ်တန်းနိုင်ငံဟာ ကိုလံဘီယာနိုင်ငံပါ။ ဗင်နီဇွဲလားပြည်သူ ၁ ဒသမ ၄ သန်းဟာ လောလောဆယ် ကိုလံဘီယာနိုင်ငံထဲမှာ နေထိုင်ပါတယ်။ မာဒူရိုက ထပ်ခါတလဲလဲ စွပ်စွဲနေပေမယ့် ကိုလံဘီယာကတော့ ဗင်နီဇွဲလားကို တိုက်ခိုက်ဖို့ ဘယ်လို အစီအစဉ်ကိုမဆို ငြင်းထားသလို သူ့နိုင်ငံထဲကနေ တိုက်ခိုက်ဖို့ အမေရိကန်ကို ခွင့်ပြုရေးကိုလည်း ကိုလံဘီယာက ငြင်းဆန်ထားပါတယ်။
1 year Ago
Up