ပူးပေါင်းကာကွယ်

March 1, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိရေး ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းကာကွယ်မည်

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက သူ့ရဲ့အိမ်နီးချင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုကို တားဆီးကာကွယ်နိုင်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်နိုင်ဖို့ မြောက်ကိုရီးယားနိုင်ငံနဲ့အတူ ပူးတွဲဆောင်ရွက်သွားမယ်လို့ မတ် ၁ ရက်မှာ အဆိုပြုလိုက်ပါတယ်။  ဒီနှစ် မတ် ၁ ရက်ဟာ ဂျပန်နိုင်ငံရဲ့ ကိုလိုနီအုပ်ချုပ်မှုကနေ နိုင်ငံ့လွတ်လပ်ရေး ပြန်လည်ရရှိခဲ့တာ ၁၀၁ နှစ် ပြည့်မြောက်တဲ့ အထိမ်းအမှတ်နေ့ပါ။ သမ္မတမွန်ဂျေအင်းရဲ့ မိန့်ခွန်းထဲမှာ မြောက်ကိုရီးယားအစိုးရနဲ့အတူ ကျန်းမာရေး စောင့်ရှောက်မှု ပူးတွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောသွားပါတယ်။   ကူးစက်ရောဂါတွေဟာ လူနာတွေနဲ့ တိရစ္ဆာန်တွေကြား ကူးစက်ပျံ့နှံ့လာတဲ့အခါ ကိုရီးယား နှစ်နိုင်ငံက အတူတုံ့ပြန် ဆောင်ရွက်ပြီးတော့ နယ်စပ်ဒေသတွေက ရောဂါဘေးအန္တရာယ်တွေနဲ့ ရုတ်တရက် ပေါ်ပေါက်လာတဲ့ ကပ်ဘေးတွေ၊ ကိုရီးယားကျွန်းဆွယ်ပေါ်က ရာသီဥတု အပြောင်းအလဲတွေကို ပူးတွဲကိုင်တွယ် ဖြေရှင်းမယ်ဆိုရင် ကိုရီးယားပြည်သူတွေရဲ့ အသက်တွေ၊ ဘဝတွေ ပိုပြီးလုံခြုံပါလိမ့်မယ်လို့ သမ္မတမွန်းက ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို အတည်မပြုထားပေမယ့် ရောဂါလက္ခဏာရှိသူတွေကို တလကြာ ခွဲထား စောင့်ကြည့်ဖို့ သတ်မှတ်ထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကတော့ ပိုပြီး တင်းကျပ်တဲ့ အစီအမံတွေနဲ့ အစည်းအဝေး ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ပြောသွားပါတယ်။
1 year Ago
Up