ပူတာအိုဒေသခံ ၅ ဦး

March 4, 2021

ဖမ်းဆီးခံရသည့် ပူတာအိုဒေသခံ ၅ ဦးကို ဒဏ်ငွေ ၁ သိန်းစီချမှတ်၍ ပြန်လွှတ်

၁၂ ရက်ကြာ ပူတာအိုအကျဥ်းထောင်မှာ ချုပ်နှောင်ခံခဲ့ရပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခံထားရတဲ့ ပူတာအိုဒေသခံ ၅ ယောက်ကို ဒဏ်ငွေ ၁ သိန်းစီချမှတ်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

”ကချင်ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ လျှော့ပေါ့ဒဏ်ငွေတစ်ယောက်ကို တစ်သိန်းစီပေးရပြီး ပြန်လွတ်ခဲ့တာပါ။ အခုအားလုံး အိမ်ပြန်ရောက်ပါပြီ” လို့ ဖမ်းခံထားရသူတွေရဲ့မိသားစုဝင် ကိုနန်ဆိန်ဆိုင်းလင်းအောင်က ပြောပါတယ်။

ပူတာအိုမြို့မှာ တပ်မတော်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြရာမှာပါဝင်ခဲ့တယ်ဆိုပြီး ကိုဖေနှောင်းအောင်၊ ကိုဖုန်ရော့ဖီနန်၊ ကိုအင်ဗျဲ့ဆင်ဝါး၊ ကိုရမ်ဇိမ်း၊ ကိုလဇွမ်အောင်ဒီးတို့ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၁၀ နာရီကျော်မှာ တပ်မတော်က ဖမ်းဆီးသွားခဲ့တာပါ။

ပူတာအိုထောင်မှာ ၁၂ ရက်လောက် ဖမ်းဆီးချုပ်နှောင်ထားပြီး မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီကျော်က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပူတာအိုခရိုင်မှာ တပ်မတော်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ပြည်သူတွေက ပူတာအိုခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံး၊ စျေးနဲ့မြို့တွင်း လမ်းမတွေပေါ်မှာ နေ့စဉ် ဆက်လက်ဆန္ဒပြနေကြပါတယ်။

9 months Ago
Up