ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ အမည်မသိအရေပြားရောဂါတမျိုးဖြစ်ပွားပြီး ဒေသခံနွားတွေ ဇွန် ၂၆ ရက်က စတင် သေဆုံးနေတယ်လို့ မြို့ခံတွေနဲ့ နွားပိုင်ရှင်တွေထံက သိရပါတယ်။
ဒေသခံနွားမွေးမြူထားသူတဦးက "ပူတာအို တဝိုက်မှာ အမည်မသိအရေပြားရောဂါတမျိုးနဲ့ နွားသေဆုံးတယ်။ လုံရှာယန်ရွာမှာဆို လေးကောင်ရှိပြီ။ ဒီနေ့ (ဇွန် ၂၆)ရက် လည်း အရေပြားရောဂါနဲ့သေဆုံးတဲ့နွားတကောင်တောမှာ သွားမြုပ်လိုက်ပြီ”လို့ ပြောပါတယ်။
ပူတာအိုမြို့ ဟိုခိုရပ်ကွက်မှာတော့ အရေပြားရောဂါနဲ့ နွားတကောင်ကို ဆေးကုပေးတာရှိပေမဲ့ မသက်တာသေးဘူးလို့ ထွေအုပ်၀န်ထမ်းနဲ့ နီးစပ်တဲ့ဒေသခံတဦးက ပြောပါတယ်။
"ဟိုခိုရက်ကွက်မှာ နွားတကောင်ကုနေတာ မသက်သာသေးဘူး။ ဆေးကုတဲ့သူပြောတာက လူတွေကိုမကူးနိုင်ဘူးတဲ့။ ပူတာအိုမှာ အရင်စစ်ကောင်စီ အာဏာမသိမ်းခင်တော့ တိရစ္ဆာန်ဆရာ၀န်တွေရှိတယ်။ ခုနောက်ပိုင်းတော့ မသိဘူး။ ဒီရက်ပိုင်း ပူတာအိုမြို့နယ် ရွာတိုင်းက နွားတွေအကုန်နီးပါး ကူးစက်ခံရတယ်"လို့ပြောပါတယ်။
ပူတာအိုဒေသမှာ အခုလို နွားတွေအရေပြားရောဂါခံစား၊ သေဆုံးနေတာရှိပေမဲ့ ယနေ့အထိ အမဲသားတွေရောင်းချနေဆဲဖြစ်လို့ ဒေသခံတွေ စိုးရိမ်ပူပန်နေပြီး တတ်ကျွမ်းတဲ့ဆရာ၀န်တွေ အမြန်ဆုံးကူညီပေးကြဖို့ ပူတာအိုမြို့ခံတဦးကလည်း ပြောပါတယ်။
ပူတာအိုမြို့မှာ ဇွန် ၁၄ ရက်က ပထမဆုံးအကြိမ် အမည်မသိအရေပြားရောဂါကပ်နေတဲ့ နွားတကောင်ကိုတွေ့ရှိပြီး ၂ ပတ်အကြာမှာ ဒေသခံ နွားတွေအားလုံးလိုလိုမှာ ရောဂါကူးစက်ခံရတာ ဖြစ်ပါတယ်။
အခုလို နွားတွေ အရေပြားရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တိမွေးကုဌာန တာဝန်ရှိသူတွေအနေနဲ့ တစုံတရာ တာဝန်ယူလုပ်ဆောင်ပေးတာတွေ မရှိသေးပါဘူး။
ပူတာအိုဒေသခံပြည်သူတချို့ဟာ နွားတွေမွေးမြူကာ လယ်ယာထွန်ယက်တာနဲ့ မိသားစုအရေး အရေးပေါ်အခြေနေတွေမှာ ၀င်ငွေအဖြစ် နွားတွေပြန်ရောင်းချလေ့ရှိပါတယ်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်မှာ ဇွန် ၁၃ ရက် က နွားတစ်ကောင်ပေါ်မှာ ထူးဆန်းတဲ့အရေပြားရောဂါဖြစ်ပွားနေတာ တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
"ဒီနေ့ ကလေးကျောင်းအကြိုအပို့လုပ်ရင်းနဲ့ ကောင်ကထောင်ရပ်ကွက် RCဘုရားကျောင်းနားမှာ နွားတစ်ကောင်က ထူးဆန်းတဲ့ အဖုတွေနဲ့ သနားစရာတွေ့လိုက်ရတယ်။ ခုနာမည်ကြီးနေတဲ့ မျောက်ကျောက် ရောဂါများရောက်တာလားမသိဘူး"လို့ဆိုပါတယ်။
ပူတာအိုဒေသခံပြည်သူအများစုဟာ နွားတွေမွေးမြူနေကြတာဖြစ်လို့ ကျန်တဲ့နွားတွေလည်း အလားတူ ရောဂါခံစားလာမှာကို စိုးရိမ်နေရပြီး ပူတာအိုမှာ နွားကာကွယ်ဆေးတွေ ထိုးပေးရေး တာ၀န်ရှိတဲ့သူတွေအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးစေလိုတယ်လို့ ပူတာအိုမြို့ခံက ပြောပါတယ်။
ပူတာအိုဒေသမှဦ အခုလို နွားမှာ ထူးဆန်းတဲ့အရေပြားရောဂါတွေ့ရှိမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပူတာအိုမှာ မြို့တွင်းကားလမ်းမကြီးတွေဟာ ကျဉ်းမြောင်းနေပြီး နွားတွေ မကြာခဏ ကား၊ ဆိုင်ကယ်နဲ့တိုက်ခံရကာ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း နွား ၁၀ ကောင်လောက် သေဆုံးခဲ့ပါတယ်။