ပုံမှန်စွမ်းဆောင်ရည်ရရေး

June 23, 2020

ပုံမှန်စွမ်းဆောင်ရည်ရရေးအတွက် ပိုကြိုးစားရန် မန်ယူ ဂိုးသမား ဒီဂီယာကို ဂယ်ရီနဗီးလ် အကြံပြု

ယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာ လက်စွမ်းပြဖို့ ရုန်းကန်နေရခြင်းက တဒင်္ဂပြသနာမဟုတ်ဘဲ ဂိုးသမား ဟာ ယူနိုက်တက်အသင်းမှာ ပြသခဲ့တဲ့ လက်စွမ်းမျိုး ပြန်လည်ရရှိဖို့ ကြိုးစားရတော့မယ်လို့ ကစားသမားဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်လိုက်ပါတယ်။  အခုနှစ်အပိုင်းအခြားတွေမှာ ဒီဂီယာရဲ့လက်စွမ်းဟာ သိသိသာသာကျဆင်းလာပြီး သူ့နေရာကို အစားထိုးဖို့အတွက် ရှက်ဖီးအသင်းမှာ အငှားထွက်ကစားရင်း လက်စွမ်းပြနေတဲ့ ဒင်းဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူပေးဖို့ ယူနိုက်တက်ပရိတ်သတ်တွေက တောင်းဆိုနေကပါတယ်။ လက်ရှိအချိန်အထိ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဒီဂီယာရဲ့အခြေအနေကို ကာကွယ်ပြောဆိုထားပေမဲ့ ယူနိုက်တက်အသင်းရဲ့ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကတော့ တော့တမ်ဟမ်နဲ့ပွဲမှာ အဖွင့်ဂိုး  ပေးလိုက်ရတဲ့အတွက် ဒီဂီယာနဲ့ ဟယ်ရီမက်ဂွိုင်းယားကို တက္ကစီငှားပြီး မန်ချက်စတာမြို့ကို ပြန်ပို့လိုက်သင့်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။  ရွိုင်ကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပေမယ့် နဗီးလ်ကတော့ စပိန်ဂိုးသမားကို ငြင်ငြင်သာသာ ထောက်ပြခဲ့တာဖြစ်ပြီး ဒီဂီယာဟာ ပြီးခဲ့တဲ့လေးနှစ်အတွင်း ယူနိုက်တက်အသင်းအတွက် ယုံစားလို့ရတဲ့ကစားသမားတဦးဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ပြောင်းလဲသွားပြီလို့ ပြောပါတယ်။  “သူဟာ အရင်ကလို မဟုတ်တော့ပါဘူး။ ကစားသမားတစ်ယောက်ဟာ ၆ လလောက် စွမ်းဆောင် ရည်ကောင်းရဖို့ ရုန်းကန်နေရတယ်ဆိုရင် ဒါဟာ တဒင်္ဂဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားပါ။ တစ်နှစ်လောက် ရုန်းကန်နေရရင်တော့ ကျနော်တို့အနေနဲ့ စိုးရိမ်ရတော့မှာဖြစ်ပြီး ၂ နှစ်ကျော်ကာလ ဆိုရင်တော့ ဒါဟာ အမြဲတမ်း ဒီလိုပဲ ဖြစ်သွားဖို့ သေချာသလောက်ရှိနေပါပြီ။ ကျနော့်အထင် သူ့မှာ ယုံကြည်မှုပိုင်းဆိုင်ရာ ပြဿနာရှိနေပုံပါပဲ။ ဒါဟာ စပိန်အသင်းမှာသူရင်ဆိုင်ခဲ့ ရတဲ့ ပြဿနာတွေကြောင့်ဖြစ်နိုင်ပါတယ်။ သူဟာ စပိန်အင်္ကျီကို ဝတ်ဆင်ကစားချိန်မှာ စပိန်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူဟာလက်စွမ်း ပြဖို့ရုန်းကန်ခဲ့ရပြီး ဒီအခြေအနေက သူ့ကိုယ်သူ သံသယဝင်သွားစေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ အရင်လို မဟုတ်တော့ပါဘူး” လို့ နဗီးလ်က သုံးသပ်ထားပါတယ်။  ဒါ့ကြောင့် ဒီဂီယာအနေနဲ့ ကလပ်အသင်းအဆင့်မှာတင်မဟုတ်ဘဲ နိုင်ငံအသင်းအဆင့်မှာတောင် ကျဆင်းသွားတဲ့ သူ့ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းဖို့ ကစားသမားဘဝတစ်လျှောက်လုံးမှာ ကြိုးစားဖူးခဲ့တာထက် ပိုမိုကြိုးစားဖို့လိုနေပြီလို့လည်း ပြောဆိုသွားခဲ့ပါတယ်။
12 months Ago
Up