ကမ္ဘောဒီးယားအစိုးရက ပိုကီမွန်ဂိုးဂိမ်းကို ခမာနီ စစ်ကြောရေးစခန်းဟောင်းနဲ့ ထောင်ဟောင်းနေရာတွေမှာ မကစားကြဖို့ သြဂုတ် ၁၀ ရက်က တားမြစ်ပိတ်ပင်လိုက်ပါတယ်။
ကမ္ဘာတလွှားမှာ ဒီဂိမ်းကို စတင်မိတ်ဆက်ချိန်က စပြီး ကစားသူတွေက သူတို့ဖုန်းတွေကို မချတမ်း ကစားလာကြတာပါ။
ဒါကြောင့် နေရာအသီးသီးမှာ မတော်တဆမှုတွေ ဖြစ်ခဲ့လို့ ဘေးကင်းရေး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
ဂိမ်းကစားသူတွေဟာ လက်ကိုင်ဖုန်းတွေကို သုံးပြီး ပုံရိပ်ယောင်ကမ္ဘာထဲက ပိုကီမွန် အရုပ်လေးတွေကို ပြင်ပကမ္ဘာမှာ လိုက်ရှာရပါတယ်။
ဂိမ်းကို မိတ်ဆက်တဲ့ ကုမ္ပဏီကလည်း ပိုကီမွန်အရုပ်လေးတွေကို လူသိများတဲ့ ရုံး၊ စားသောက်ဆိုင်၊ ပြတိုက်နဲ့ တခြား နေရာတွေမှာ သတ်မှတ်ထားလေ့ ရှိပါတယ်။
သြဂုတ် ၁၀ ရက်က ကမ္ဘောဒီးယား ဆယ်ကျော်သက် တချို့က လူသတ်ကွင်းများလို့ နာမည်ရတဲ့ လူမျိုးတုံး သတ်ဖြတ်ခံရဖူးတဲ့ နေရာတွေဆီ ရောက်လာခဲ့လို့ အထိမ်းအမှတ် နေရာတွေမှာ ဂိမ်းကစားတာကို ပိတ်ခဲ့တာလို့ ပြတိုက်ညွှန်မှူးက ပြောပါတယ်။
အနည်းဆုံး လူ ၁ ဒသမ ၈သန်း အသတ်ခံထားရတဲ့ အထိမ်းအမှတ် နေရာမျိုးမှာ ဂိမ်းကစားတာ မသင့်တော်ဘူးလို့လည်း အလည်လာသူတဦးက ပြောပါတယ်။
အမေရိကန်နိုင်ငံမှာလည်း ဂျူးတွေ အစုလိုက် အသတ်ခံရတဲ့ အထိမ်းအမှတ် ပြတိုက်က သူ့ပရိဝုဏ်ထဲမှာ ဂိမ်းကစားတာ အလွန်အမင်း မသင့်လျော်တဲ့ လုပ်ရပ်လို့ ပြောရင်း ကစားသမားတွေကို ဂိမ်းကစားတာ ရပ်ခိုင်းခဲ့ပါတယ်။
5 years Ago