ပိုကီမွန်

May 7, 2019

နာမည်ကြီးဟောလိဝုဒ်ရုပ်ရှင် Pokémon: Detective Pikachu မေလ ၁၀ ရက် ရုံတင်မည် (နမူနာ)

အားလုံးရင်းနှီးကြပြီးဖြစ်မယ့် ကာတွန်းဇာတ်ကောင် Pokemon ကို ရုပ်ရှင်အနေနဲ့ ပုံဖော်ဖန်တီးလိုက်တဲ့ Pokémon: Detective Pikachu ရုပ်ရှင်ကို လာမယ့် မေလ ၁၀ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Warner Bros.၊ Legendary Pictures နဲ့  The Pokémon Company တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Rob Letterman က ရိုက်ကူး ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ကာတွန်းကားတွေ၊ ဂိမ်းတွေထဲကလို မဟုတ်ဘဲ တမူထူးခြားတဲ့ လူတွေလို စကားပြောတတ်တဲ့ ဇာတ်ကောင် Pikachu ကို ပရိသတ်တွေ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ တခြားသူတွေက သူစကားပြောတာကို မကြားရပေမယ့် Tim Goodman ဆိုတဲ့ ကောင်လေးကတော့ ထူးဆန်းတဲ့ ဆက်နွှယ်မှုတခုကြောင့် ကြားရပါတယ်။ အဲဒီလိုနဲ့ Pokémon Trainer ဖြစ်ချင်သူ Tim နဲ့ Pikachu တို့ ပူးပေါင်းမိသွားကြပြီး ပျောက်ဆုံးနေတဲ့ Pokémon လေးတွေကို ရှာရင်း၊ တဖက်မှာလည်း မတော်တဆမှု တခုကြောင့် ပျောက်ဆုံးနေခဲ့တဲ့ Tim ရဲ့ ဖခင်ကို လိုက်ရှာဖို့ ကြိုးစားခဲ့ကြချိန်မှာ ဘာတွေဖြစ်လာမလဲ။ ဘယ်သူတွေနဲ့ ပူးပေါင်းမိပြီး ဘယ်လိုအခက်အခဲတွေ၊ အန္တရာယ်တွေကို ရင်ဆိုင်ဖြတ်ကျော်ရမလဲ ဆိုတာတွေကို စွန့်စားမှု အသားပေး ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Deadpool မင်းသား Ryan Reynolds က Detective Pikachu အဖြစ် အသံနဲ့ သရုပ်ဆောင်ထားခဲ့ပါတယ်။ Tim Goodman အဖြစ် Jurassic World: Fallen Kingdom ရုပ်ရှင်နဲ့ နာမည်ကြီးလာတဲ့ အမေရိကန် သရုပ်ဆောင်မင်းသား Justice Smith က ခေါင်းဆောင်ပါဝင်ထားပြီး အမေရိကန် သရုပ်ဆောင်မင်းသမီး Kathryn Newton ကတော့ ဂျာနယ်လစ်မလေး Lucy အနေနဲ့ ပါဝင်ထားတာ ဖြစ်ပါတယ်။ ကာတွန်းရုပ်ရှင်တွေ၊ ဂိမ်းတွေကတည်းက ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ ထွက်မလာခင်ကတည်းက နာမည်ကြီးနေခဲ့ပြီး ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း ၆၀ ကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ဂျပန်နိုင်ငံမှာတော့ အချိန် ၁ ပတ်စောပြီး မေလ ၃ ရက်နေ့က ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up