ပုသိမ် သရောင်းချောင်းသုသာန်

July 23, 2021

ပုသိမ် သရောင်းချောင်းသုသာန်တွင် တရက်တည်း ရုပ်အလောင်း ၄၄ လောင်း မီးသင်္ဂြိုဟ်ပေးခဲ့ရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ သရောင်းချောင်းသုသာန်မှာ ဇူလိုင် ၂၂ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ ရောဂါနဲ့  သေဆုံးသွားသူ ၄၄ ဦး မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ မနောဖြူလူမှုကူညီရေးအဖွဲ့က သိရပါတယ်။

ဇူလိုင် ၂၂ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် ပုသိမ်ဆေးရုံကြီးက ၅ ဦး၊ မဆရ-၄ တောင်ပေါ်ဆေးရုံက ၂ ဦးနဲ့ နေအိမ်တွေက ၃၇ ဦး စုစုပေါင်း ၄၄ ဦး မီးသင်္ဂြိုဟ်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ပုသိမ်မြို့နေသူတစ်ဦးက "ဆေးရုံသွားလည်း မထူးဘူးဆိုတာမျိုးဖြစ်နေကြတယ်။ ဟိုမှာ ဆေးဝါး အခက်အခဲတွေကော၊ နေရာ အခက်အခဲတွေကြောင့် အိမ်မှာ နေကြတယ်။ အောက်ဆီဂျင် လိုအပ်ချက်က ရှိတယ်၊ အလှူရှင်တွေလှူပေးတာရှိတယ်။ ပရဟိတအဖွဲ့တွေက ရန်ကုန်မှာ သွားယူပြီး ပြန်ဝေပေးတယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့မှာ အောက်ဆီဂျင်ထုတ်လုပ်နိုင်တဲ့ စက်ရုံတည်ဆောက်နိုင်ဖို့ ပြည်သူတွေက စီစဉ်နေကြတယ်လို့  သိရှိရပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဇူလိုင် ၁ ရက်ကနေ ၂၂ ရက်နေ့အထိ သရောင်ချောင်းသုသာန်မှာ မီးသင်္ဂြိုဟ်ပေးရသူစုစုပေါင်း ၅၃၃ ဦး ရှိပြီလို့ သိရပါတယ်။

ကိုဗစ်တတိယလှိုင်းကာလ ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ်မြို့က ဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်း အများဆုံးမြို့လည်းဖြစ်ပါတယ်။

6 months Ago
Up