ပုသိမ်တက္ကသိုလ်

May 20, 2021

ပုသိမ်တက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း၊ စစ်ကောင်စီခန့်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ ကို ဖျက်သိမ်း

ပုသိမ်တက္ကသိုလ် ပညာရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဆိုင်ရာတွေ ဆောင်ရွက်ဖို့ တက္ကသိုလ်ရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ပုသိမ်တက္ကသိုလ်ကြားကာလယာယီ အုပ်ချုပ်ရေး အဖွဲ့ကို  မေလ ၂၀ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

ပုသိမ်တက္ကသိုလ်ယာယီအုပ်ချုပ်ရေးအဖွဲ့မှာ ဆရာဆရာမ ကိုယ်စားလှယ်တွေ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ ၊ကျောင်းသားကိုယ်စားလှယ်၊အဝေးသင် ကိုယ်စားလှယ်တွေ၊ ကျောင်းသားဟောင်းကိုယ်စားလှယ်တွေနဲ့ ပါဝင် ဖွဲ့စည်းထားတယ်လို့  သိရ ပါတယ်။

ပုသိမ်တက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနဲ့  ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်အဖြစ်ဖွင့်လှစ်ဖို့  တက္ကသိုလ် ပဋိညာဉ်ကို ရေးဆွဲသွားမယ်လို့ သိရပါတယ်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ ပုသိမ်တက္ကသိုလ် ခေတ္တ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒုပါမောက္ခချုပ်ဒေါက်တာသန်းထွန်း ဦးဆောင်တဲ့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့အပါအဝင် လက်အောက်ရှိ တက္ကသိုလ်ပညာရေးအဖွဲ့နဲ့ စီမံခန့်ခွဲရေးအဖွဲ့အားလုံးကို မေ ၂၀ ရက်မှာ  ဖျက်သိမ်းကြောင်းလည်း ပုသိမ်တက္ကသိုလ်ယာယီ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကျောင်းသင်ရိုးညွှန်တမ်းနဲ့ ပညာရေးစနစ်ကိုပင် ခွဲခြားသိမြင်နိုင်မှု မရှိလို့ ခုလို ဖျက်သိမ်းခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့အစည်းတွေ ထုတ်ပြန်တဲ့ ညွှန်ကြားချက်နဲ့ အမိန့်တွေကိုလည်း တရားမဝင်ကြောင်း ကြေညာခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ဘာသာပေါင်းစုံ တက္ကသိုလ်နောက်ဆုံး နှစ် ကျောင်းပြန်တက်တဲ့ ကျောင်းသားမှာ ၁၁ ရာခိုင်နှုန်းကျော်သာရှိပြီး CDM ပါဝင်ခဲ့တဲ့ တက္ကသိုလ်က ပါမောက္ခများအပါဝင် ဝန်ထမ်း ၁၆၉ ဦးလည်း တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရပါတယ်။

5 months Ago

May 10, 2021

ပုသိမ်‌တက္ကသိုလ်တွင် မေဂျာပေါင်းစုံက ကျောင်းသား ၁၀ ရာခိုင်နှုန်းကျော်သာ တက်ရောက်

အကြမ်းဖက်စစ်ကောင်စီက မေလ ၅ ရက်နေ့ ဖွင့်လှစ်တဲ့ ပုသိမ်‌တက္ကသိုလ်မှာ မေဂျာပေါင်းစုံမှ ကျောင်းသား ၁၀ ရာခိုင်နှုန်းကျော်သာ တက်ရောက်တယ်လို့ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကျောင်းသားကျောင်းသူတွေက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ပုသိမ်တက္ကသိုလ် မေဂျာပေါင်းစုံ အတန်းစုံ စုစုပေါင်း ကျောင်းသား ကျောင်းသူ စာရင်းရှိ ၁၅၆၈ ဦးရှိပြီး မေလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ တက်ရောက်သူ ၁၆၅ ဦးရှိကြောင်း သိရှိရပါတယ်။

ပုသိမ်တက္ကသိုလ် စစ်အာဏာရှင်လက်အောက်ပညာရေးမှာ တက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျွန်ပညာရေးစနစ်အောက်မှာ မလေ့လာဖို့နဲ့ အဆုံးထိ ကျောင်းမတက်ဘဲ ကျောင်းပျက်ပေးဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

ပုသိမ်တက္ကသိုလ်က CDM ပြုလုပ်တဲ့ ပါမောက္ခအပါအဝင် ဆရာ၊ ဆရာမ ၁၂၈ ဦးနဲ့ အမှုထမ်း ၁၈ ဦးကို မေလ ၆ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က တာဝန်မှ ယာယီရပ်ဆိုင်းခဲ့ပါတယ်။

​နွေဦး​တော်လှန်​ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲ​ကောင်းတွေ၊ ​CDM မှာ ပါဝင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို စာနာ​ထောက်ထားမှုမရှိဘဲ စစ်သူပုန်တို့ရဲ့ ကျွန်ပညာ​ရေး​အောက်မှာ ပညာသင်ကြားလို​တဲ့ မည်သည့် ​ကျောင်းသားကျောင်းသူကိုမဆို ပုသိမ်တက္ကသိုလ်  ဘာသာရပ်ပေါင်းစုံ ကျောင်းသားသပိတ်က ​အောက်တန်းကျ​သော သစ္စာ​ဖောက် လောက်​ကောင်များအဖြစ် သတ်မှတ်မယ်လို့ မေ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ပုသိမ်တက္ကသိုလ် ဘာသာရပ်​ပေါင်းစုံသပိတ် ​ကျောင်းသား​ကျောင်းသူတွေဟာ CDM ဆရာ ဆရာမတွေနဲ့အတူ ရပ်တည်မယ်လို့ ထုတ်ပြန်​ကြေညာထားပါတယ်။

ပုသိမ်တက္ကသိုလ် ဘာသာရပ်​​ပေါင်းစုံ​ ကျောင်းသားသပိတ်က စစ်ကျွန်ပညာသင်ကြားမှု မလုပ်​ဆောင်ဖို့ ​ကျောင်းသားကျောင်းသူတွေကို ဧပြီ ၁၈ ရက်​နေ့က အသိ​ပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

6 months Ago
More News
Up