ပုသိမ်မြို့

July 29, 2019

ပုသိမ်မြို့က  Amava Apparel အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က Amava Apparel အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရလို့ဆိုပြီး စက်ရုံရှေ့မှာ ဇွန်လိုင် ၂၉ ရက်က  ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပုသိမ် Amava Apparel အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ စက်ရုံ ကြီးကြပ်သူတွေရဲ့ ဆဲဆိုခံရတာ၊ အလုပ်ခွင်အတွင်း မကျေနပ်ချက်တွေနဲ့ အလုပ်သမားတဦး အလုပ်ထုတ်ခံရတဲ့ကိစ္စဖြေရှင်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ဆန္ဒပြအလုပ်သမား တွေက ပြောပါတယ်။ ဆန္ဒထုတ်ဖော်နေတုန်း ဖြန်ဖြေရေးအဖွဲ့တွေရောက်လာပြီး အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ စက်ရုံတာဝန် ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အလုပ်သမားတွေဘက်က အချက် ၁၉ ချက်ကိုတောင်းဆိုထားကြပြီး ဒီအချက်တွေနဲ့ ပတ်သက်လို့ စက်ရုံတာဝန်ရှိသူတွေ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ဖြန်ဖြေရေးအဖွဲ့တွေ တွေ့ဆုံညှိနှိုင်းနေကြပါတယ်။ လတ်တလောမှာတော့ အလုပ်သမားတွေဟာ အနီရောင်ခေါင်းစည်းတွေစီးပြီး လုပ်ငန်းခွင် ပြန်ဝင်နေကြပြီ ဖြစ်ပါတယ်။ သော်ဇင်မျိုး
2 years Ago

April 27, 2019

ပုသိမ်မြို့နယ်တွင် အမျိုးသမီးတဦး တကိုယ်တော်ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် နတ်ပြည်ချောကျေးရွာက အမျိုးသမီးတဦးဟာ လယ်ယာမြေအမှုနဲ့ပတ်သက်ပြီး ပုသိမ်မြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဧပြီလ ၂၆ ရက်နေ့ မနက်က တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ နတ်ပြည်ချောကျေးရွာက သူမတို့မိသားစုပိုင်တို့ပိုင် ဥယျာဉ်ခြံမြေတွေကို စီမံကိန်းအကြောင်းပြ သိမ်းယူခဲ့သူဆီကနေ ထပ်ဆင့်ဝယ်ယူထားသူက သူမအဖေအပါအဝင် တောင်သူ ၈ ဦးကို ပုသိမ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့ပြီး တရားရုံးကလည်း ဖျက်ရာပြင်ရာတွေနဲ့ တင်ပြတဲ့သက်သေခံ မြေစာရင်းပုံစံ ၁၀၅ ကို အနိုင်ပေးဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ "အဂတိလိုက်စားမှုတွေနဲ့ စာရွက်စာတမ်းအတုပြုလုပ်ပြီး ပြင်ရာဖျက်ရာတွေနဲ့ တင်ပြတာကို တရားရုံးကအနိုင်ပေး ဆုံဖြတ်ခဲ့တဲ့အတွက်ကြောင့် မူလတောင်သူတွေနေထိုင်တဲ့ အဆောက်အဦကို ဥယျာဉ်ခြံမြေထဲက ဖယ်ရှားဖို့အတွက် တရားရုံးကနေ ဝရမ်းအပ်မယ်ဆိုတာ အထိဖြစ်နေလို ဒီနေ့ဆန္ဒဖော်ထုတ်တာပါ။" သူမတို့ဖြစ်စဉ်ကို ပြည်ထောင်စုအစိုးရနဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုင်ကြားထားပြီး လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်ကလည်း စစ်ဆေးနေဆဲ အချိန်အတွင်းမှာ တရားရုံးက အခုလို ဆုံးဖြတ်ခဲ့တဲ့အတွက် တာဝန်ရှိသူတွေ ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ရည်ရွယ်ပြီး ဆန္ဒဖော်ထုတ်တာလို့ သူမကပြောပါတယ်။ တကိုယ်တော်ဆန္ဒဖော်ထုတ်တဲ့ မမိုးစန္ဒာဟာ စီမံကိန်းအကြောင်းပြ၍ စည်းကမ်းပျက်လုပ်ကိုင်နေသူတွေကို အမြန်ဆုံးအရေးယူပေးဖို့ လယ်ယာမြေအမှုတွေကို တရားဝင်လယ်စစ်အဖွဲ့တွေ စစ်ဆေးနေချိန်အတွင်း တရားမအပ်ဝရမ်းဆောင်ရွက်နေသူတွေကို အလိုမရှိကြောင်း၊ မြေယာ သိမ်းဆည်းမှုတွေကို အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးဖို့ စည်းကမ်းပျက်စီမံကိန်းတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ စတဲ့ကြွေးကြော်သံတွေနဲ့ ပုသိမ်မြို့အနှံ့ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
2 years Ago
More News
Up