လွန်ခဲ့တဲ့ ၇၅ နှစ်က ဂျပန်နိုင်ငံက သွားရောက်ဗုံးကြဲခဲ့တဲ့ ပုလဲဆိပ်ကမ်းရေတပ်စခန်းကို ဂျပန်ဝန်ကြီးချုပ် ဒီဇင်ဘာ ၂၇ ရက်နေ့က ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းစကားကိုလည်း အလေးအနက် ပြောကြားပါတယ်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့အတူ အမေရိကန်သမ္မတ အိုဘားမားလည်း လိုက်ပါခဲ့ပြီး ပုလဲဆိပ်ကမ်းကို ၂ နိုင်ငံခေါင်းဆောင်တို့ ပထမဆုံး အတူသွားရောက်မှုလည်း ဖြစ်ပါတယ်။
“အခုလိုလုပ်ရပ်မျိုးကို ဘယ်တော့မှ နောက်မလုပ်မိစေရဘူး။ ဒါကို ဂျပန်ပြည်သူတွေက အလေးအနက် အဓိဋ္ဌာန်ပြုပါတယ်” လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။
၁၉၄၁ ခုနှစ်က ဂျပန်လေတပ် အမေရိကန်ရေတပ်စခန်းကို အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တုန်းက အမေရိကန်တပ်ဖွဲ့ဝင် ၂၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။
တဝက်လောက်ဟာ အရီဇိုးနားစစ်သင်္ဘောပေါ်မှာ သေဆုံးခဲ့ကြပြီး အများအပြားဟာလည်း စစ်သင်္ဘောနစ်မြုပ်မှုနဲ့ ပြန်မဖော်နိုင်ခဲ့ပါဘူး။
အဲဒီ အရီဇိုးနားစစ်သင်္ဘော နစ်မြုပ်ခဲ့တဲ့ ဗိမာန်ကိုလည်း ဝန်ကြီးချုပ် ပထမဆုံး သွားရောက်ခဲ့ပြီး သမ္မတ အိုဘားမားနဲ့အတူ လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။
ကျဆုံးခဲ့သူတွေအတွက် ခေါင်းဆောင် ၂ ဦး ဆုတောင်းခဲ့ကြပေမယ့် အများက မျှော်လင့်ထားသလိုပဲ တိုက်ခိုက်မှုအတွက် ဝန်ကြီးချုပ်က တောင်းပန်မှုတော့ မရှိခဲ့ပါဘူး။
တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သင်္ဘောကြီး ၈ စင်းမှာ ၄ စင်း နစ်မြုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုလည်း ဒုတိယကမ္ဘာစစ်ထဲ ချက်ချင်း ဝင်ရောက်ခဲ့ပါတယ်။
အဲဒီအချိန်မှာ အဓိကကျတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောကြီးတွေကတော့ ပင်လယ်ပြင်မှာ ရောက်ရှိနေခဲ့ကြပါတယ်။
6 years Ago