ပုရစ်ကောင်

October 13, 2019

ဆန်အန်တိုနီယိုကို ဖုံးလွှမ်းသွားတော့မယ့် ပုရစ်ကောင်များ

ဆန်အန်တိုနီယို ဒေသခံတွေ ကပ်ဆိုးတခုလို့ ခေါင်းစဉ်တပ်နေတဲ့ပုရစ်တွေ ကြောက်စရာကောင်းလောက်အောင် များပြားလာရခြင်းက ကောင်းမွန်တဲ့ရာသီဥတု အခြေအနေတွေကြောင့် ဖြစ်တယ်လို့ UPI သတင်းမှာဖော်ပြပါတယ်။  ဒီဒေသမှာ ပုရစ်ကောင်တွေကို ပုံမှန်ထက်ပိုမိုများပြားလာနေပြီး ဆန်အန်တိုနီယိုမှာရှိတဲ့ တက္ကဆက်တက္ကသိုလ်အပါအဝင် နေရာအများစုမှာ အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက စတင်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။  ဒီပုရစ်ကောင်တွေနဲ့ ပတ်သက်လို့ ဒေသခံတွေကြားမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပေါ်ပေါက်နေပြီး တချို့ကလည်း ဒါကို သဘာဝကပ်ဘေးတခုလို့ သတ်မှတ်ခေါ်ဝေါ် နေကြပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ပုရစ်ကောင်တွေ စိတ်အနှောင့်ယှက်ဖြစ်လောက်အောင် များပြားနေရခြင်းအပေါ် ရာသီဥတု အခြေအနေကို အပြစ်တင်ရမယ်လို့ ပိုးမွှားဗေဒဆိုင်ရာကျွမ်းကျင်သူတဦးဖြစ်တဲ့ မိုလီကတ်ကပြောပါတယ်။ “အမှန်အတိုင်းပြောရရင်တော့ ဒီအင်းဆက်တွေက  ကျမတို့နေရာတွေကို ကျူးကျော်ဖို့ရောက်လာတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့သူတို့က တခြားတနေရာရာကနေ ရောက်လာတာမဟုတ်လို့လေ။ ကျမတို့ဒေသရဲ့ ရာသီဥတုအခြေအနေက ဒီအင်းဆက်တွေ မျိုးပွားလို့ကောင်းအောင် ဖန်တီးပေးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။” ပူးပြင်းတဲ့နွေရာသီ၊ မိုးရွာတာနောက်ကျခြင်းနဲ့ အေးမြတဲ့ရာသီဥတုတို့က ဒီလိုအင်းဆက်တွေ တိုးပွားလာမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ အခုချိန်ထိ ဆန်အန်တိုနီယို ဒေသတဝန်း ပုရစ်ကောင်တွေကို မြင်တွေ့ရမှာဖြစ်ပြီး ဒီအင်းဆက်တွေဟာ နောက်နှစ်ပတ်လောက်အထိ ဆက်ရှိနေမယ်လို့လဲ ကျွမ်းကျင်သူတွေက ပြောပါတယ်။
2 years Ago

May 23, 2018

ကလေးဒေသထွက် ပုရစ်ကောင်များ ဈေးကောင်းရလာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသထွက် ပုရစ်ကောင်တွေကို ပွဲစားတွေက ဈေးကောင်းပေး ဝယ်ယူနေတာကြောင့် မြစ်ရှေ့ကမ်းဘက်က ကျေးရွာတွေမှာ ပုရစ်ကောက်သူတွေ များပြားလာနေပါတယ်။ ကလေးမြို့ မြစ်ရှေ့ဘက် ကင်မွန်းခြုံရွာက မတင်အေးမက "ပုရစ်ဖမ်းသူက ကျမတို့ရွာမှာတင် ၁၅ ဦးကျော်တယ်။ အကြီးစားဖမ်းတာ။ ပုရစ်ကျတဲ့ နေ့ဆို တဦးကို တည ၁၇ တင်းလောက်ထိ ပုရစ်အကောင်တွေ ရကြတယ်။ ဒီမှာပဲ ပွဲစားတွေက လာဝယ်တယ်" ပြောပါတယ်။ ပုရစ်ဈေးကွက်မှာ ပေါ်ခါစက ကလေးမြို့ဈေးမှာ ပုရစ်ကောင် တပြည်ကို ၁၀၀၀ ကျပ်သာ ပေါက်ဈေးရှိပေမယ့် ဒီနေ့မှာတော့ နို့ဆီတဘူး ၅၀၀ ကျပ်အထိ မြင့်တက်လာနေပြီး ပုရစ် အဝယ်တွေက ရွာတွေထိ ဆင်းဝယ်တာကြောင့် ကလေးမြို့ ဈေးကွက်မှာတောင် ပုရစ်ဈေးသည်တွေ မရှိတော့သလောက် ရှားပါးနေတာကိုလည်း တွေ့ရပါတယ်။ ပုရစ်ဖမ်းသူတွေဟာ သမားရိုးကျ စနစ်မသုံးတော့ပဲ တောထဲ အခင်းလွတ်တွေမှာ မီးစက်ငယ်တွေ ဝယ်မောင်း၊ မီးတွေဆင်ပြီး ဖမ်းလာကြတယ်လို့လည်း မတင်အေးမက ခုလို ပြောပါတယ်။ "ပုရစ်က ည ၉ နာရီကနေ မနက် ၂ နာရီ ထိ ဖမ်းတယ်။ မီးစက်တွေဝယ်ပြီးကို ဖမ်းကြ တယ်။ မီးစက်ကလည်း သိပ်မကျဘူး တလုံး  ကျပ် နှစ်သိန်းဝန်းကျင်ပဲ ကုန်တယ်။ ရွာလာဝယ်သူတွေက တင်းနဲ့ မဝယ်ဘူး။ တပြည်ကို ၂၅၀၀ ကျပ် ကနေ ၃၅၀၀ ကျပ်အထိ ပေးဝယ်တယ်။" ကလေးဒေသ ပုရစ်တွေကို ပုရစ်အဝယ်ဒိုင်တွေက ရေခဲပုံးနဲ့ထည့်ပြီး ကားတွေနဲ့ မန္တလေး၊ ရန်ကုန် ဈေးကွက်တွေထိ သယ်ယူဖြန့်ချိနေတာ ဖြစ်ပါတယ်။ ပုရစ်တွေဟာ ပူအိုက်လွန်းတဲ့ နွေအကုန်မိုးအကူးမှာ ပေါ်ထွက်လာတတ်ပြီး ခုလို ပုရစ်ဖမ်းဆီးတာနဲ့ ဝယ်တာမျိုး အရင်နှစ်တွေတုန်းက သိပ်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ပုရစ်ဈေးကွက်ဟာ ယနေ့ခေတ်မှာတော့ မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်းနိုင်ငံတွေမှာပါ  အလုပ်ဖြစ်လာတဲ့ ရာသီပေါ် အစားအသောက်တခု ဖြစ်လာနေတာ တွေ့ရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
3 years Ago
Up