ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်

August 25, 2021

လွိုင်ကော် ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်ရှိ သံဃာတော် ၉၂ ပါး ကိုဗစ်-၁၉ ကူးစက်ခံရ

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်က သံဃာတော် ၉၂ ပါး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတယ်လို့ အဆိုပါစာသင်တိုက်က ထုတ်ပြန်ကြေညာထားပါ တယ်။ 

အနံ့မရတဲ့ သံဃာတော်တပါးကနေ အခြားသံဃာတွေပါ ထပ်ဖြစ်လာလို့ စစ်ဆေးကြည့်ရာမှာ ဩဂုတ် ၂၃ ရက်နေ့က ၂၆ ပါးတွေ့ရှိပြီး ဩဂုတ် ၂၄ မှာ ထပ်စစ်တော့ နောက်ထပ် ၆၆ ပါးတွေ့တာကြောင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ  ၉၂ ပါးရှိသွားတာ ဖြစ်ပါတယ်။ 

ဒီမတိုင်ခင် ဩဂုတ် ၁ ရက်နေ့က ရှမ်းပြည်နယ် လဲချားမြို့ လူငယ်အရည်အချင်းမြှင့် သင်တန်းတစ်ခုကနေ ပြန်လာတဲ့ သံဃာ ၁ ပါး ကိုဗစ်-၁၉ ကူးစက်ခံထားရတာသိရလို့ ကျောင်း တိုက်မှာရော ဆေးရုံမှာပါ သီးသန့်ခွဲခြားကုသမှုခံယူပြီး အခုချိန်မှာ ပြန်လည်နေကောင်းသက်သာ လာပြီလို့  အဆိုပါကျောင်းတိုက်ရှိ စာချကိုယ်တော် ၁ ပါးက မိန့်ပါတယ်။ 

ဒါပေမဲ့ ၁၉ ရက်နေ့ကစ  နောက်ထပ် သံဃာ ၃- ၄  ပါး အနံ့မရလို့ ၂၃ ရက်နေ့က ဆေးရုံမှာသွားစစ်ခဲ့ကြောင်း၊ ၅ ပါးစစ်တဲ့ထဲ ၄ ပါး ပေါ့စ်တစ်ပ်ဖြစ်နေတော့ တာဝန်ရှိသူတွေက ကျောင်းတိုက်ကို လာရောက်ပြီး ကျန်ရှိသံဃာတွေ ကပ္ပိယတွေပါ စစ်ဆေးပေးရာမှာ  ၉၂ ဦးတွေ့ ရှိခဲ့တာလို့ ဆိုပါတယ်။ 

ပိုးတွေ့သံဃာတွေကို ကျောင်းဝင်းထဲရှိ အဆောင် ၃ ခုမှာ သီးခြားစီခွဲထားပြီး ကျန်းမာရေး ဌာနက လာရောက်ကြည့်ရှုကုသပေးနေသလို ဆွမ်းနဲ့ ဆေးဝါးတွေလည်း ပြည့်စုံကြောင်း၊ သံ ဃာတွေကလည်း  ကျန်းမာရေးဆိုးရွားတဲ့ လက္ခဏာမရှိတာကြောင့်  သက်ဆိုင်ရာ မိဘဆွေမျိုးတွေ အနေနဲ့ စိတ်မပူဖို့ ကျောင်းတိုက်က ထုတ်ပြန်ထားပါတယ်။။ 

အဆိုပါကျောင်းတိုက်မှာ သံဃာတော်စုစုပေါင်း ၁၄၇ ပါးရှိပြီး ရှမ်း၊ ပအိုဝ်း၊ ဓနု နဲ့ မြန်မာ သံဃာတွေ ကိုရင်တွေ ပရိယတ္တိစာပေသင်ကြားနေကြပါတယ်။ 

လွိုင်ကော်မှာ ဒီမတိုင်ခင်ကလည်း ရွှေတောင်ကျောင်းတိုက်က သံဃာတော် ၅၂ ပါး ကိုဗစ်-၁၉ ကူးစက်ခံထားရသေးတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်း နာယက ဆရာကျော်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ဆီမှာ ပြီးခဲ့တဲ့အပတ်ကလည်း ရွှေတောင်ကျောင်းတိုက်က သံဃာ ၅၂ ပါး ကူးစက်ခံထားရသေးတယ်ခင်ဗျ၊ အခြေအနေဆိုးတဲ့သူတော့မရှိပါဘူး၊ တချို့လည်း သက်သာလာ ပါပြီ၊ ဆေးရုံတော့ မဆင်းသေးဘူး။”

လွိုင်ကော်မှာ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံရသူလူနာကို ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက စတင်တွေ့ရှိပြီး ဒီနေ့ထိ ပိုးတွေ့လူနာ နေ့စဉ်ရှိနေကြောင်း၊ အရေအတွက်အားလုံးကို မသိရပေမယ့် ကိုဗစ်ကြောင့် သေဆုံးရသူလူနာ ၅၉ ဦးရှိသွားပြီလို့ ရွှေလွိုင်ကော်ပရဟိတက ပြောပါတယ်။

3 months Ago
Up