ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်

February 8, 2021

မြန်မာပြည်သူများနှင့်အတူ တသားတည်းရှိဟု ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် မိန့်ကြား

စစ်အာဏာသိမ်းအစိုးရကို  ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဖေဖော်ဝါရီ ၇ ရက်မှာ မိန့်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်  စစ်ဘက်ခေါင်းဆောင်တွေကို  ဆန့်ကျင်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုလိုက်တာပါ။

စိန့်ပီတာရင်ပြင်မှာ မိန့်ခွန်းပြောရာမှာ ဖရန့်စစ်က  မြန်မာနိုင်ငံအတွက် အလွန်စိုးရိမ်ပူပန်တယ်လို့ ပြောဆိုလိုက်တာဖြစ်ပြီး မြန်မာပြည်သူအများစုရဲ့ အကျိုးစီးပွားကို ရှေးရှုဖို့လည်း ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက  တိုက်တွန်းလိုက်ပါတယ်။

 မြန်မာပြည်သူတွေနဲ့ သွေးစည်းကြောင်းပြရင်း ဒီမိုကရေစီ ဟန်ချက်ညီမှုကို ရအောင် ကြိုးစားဖို့နဲ့ ဘုံကောင်းကျိုးအတွက် ဆောင်ရွက်ကြဖို့ ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်က မြန်မာနိုင်ငံတဝန်းမှာ  ပြည်သူသိန်းချီ လမ်းပေါ်ထွက်ပြီး  ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ပြစ်တင် ရှုတ်ချကာ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး  ဖရန့်စစ်ဟာ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပြီး မြန်မာနိုင်ငံထဲကစစ်အာဏာသိမ်းမှုအပြီး စစ်တပ်ကို ရှင်းရှင်းလင်းလင်း ဆန့်ကျင်လိုက်တာဖြစ် ပါတယ်။

ဒီဆန္ဒပြပွဲဟာ ဒီမိုကရက်တစ်အပြောင်းအလဲတွေကို ဖြစ်ပေါ်စေတဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

2 years Ago
Up