ပုပ်ရဟန်းမင်းကြီး

December 21, 2021

အိမ်တွင်းအကြမ်းဖက်မှုကို ပုပ်ရဟန်းမင်းကြီး ပြင်းထန်စွာရှုတ်ချ

အမျိုးသားတွေ သူတို့ရဲ့ အိမ်ထောင်ဖက်အပေါ် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်တာဟာ ဆာတန်မာရ်နတ် လောက်နီးပါး ဆိုးယုတ်တဲ့ လုပ်ရပ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခိုင်းနှိုင်း ပြောဆိုလိုက်ပါတယ်။

အီတလီ နိုင်ငံက TG5 ရုပ်သံကွန်ရက်မှာ ဒီဇင်ဘာ ၁၉ ရက်က ထုတ်လွှင့်တဲ့ အစီအစဉ်အတွင်း ဒီလိုအကြမ်းဖက်မှုကို သူ သုံးနှုန်းဖူးသမျှ အပြင်းထန်ဆုံး စကားလုံးတချို့နဲ့ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

“ဒါဟာ အရှက်ရစရာပဲ၊ သိပ်ရှက်ဖို့ ကောင်းတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အိမ်တွင်းအကြမ်းဖက်မှုကို ဆန့်ကျင်ပြီး အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့သူပါ။

အီတလီနိုင်ငံအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ တရက်ကို ဖြစ်ရပ် ၉၀ လောက် ရှိတယ်လို့ ရဲတွေ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။

1 month Ago

December 20, 2021

မုန်တိုင်းကြောင့် လူ ၇၀ ကျော်သေဆုံးခဲ့သည့် ဖိလစ်ပိုင်အတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေး

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လူ ၇၂ ယောက် သေဆုံးခဲ့ပြီးဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်းသင့် ဖိလစ်ပိုင် ပြည်သူတွေအတွက် ဒီဇင်ဘာ ၁၉ ရက်မှာ ဆုတောင်းပေးခဲ့ပါတယ်။

တိုင်ဖွန်း ရိုင်းဟာ ဒီဇင်ဘာ ၁၆ နဲ့ ၁၇ ရက်တွေမှာ ဖိလစ်ပိုင်နိုင်ငံကို ဒီနှစ်အတွင်း အားအပြင်းဆုံး မုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၁၉ ရက်ကစပြီး ဖိလစ်ပိုင် အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ အားဖြည့်ဆောင်ရွက်နေပါတယ်။

မုန်တိုင်းကြောင့် လူ ၄ သိန်းကျော် ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရသလို အိမ်တွေ ပျက်စီးခဲ့ပြီး လျှပ်စစ်ဓာတ်အားပေးလိုင်းတွေနဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြိုကျခဲ့ပါတယ်။

အိမ်အများအပြားကို ဖျက်ဆီးခဲ့တဲ့ မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင် ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ခံစားရပါတယ်လို့ စိန့်ပီတာရင်ပြင်မှာ အပတ်စဉ် ဆုတောင်းဖို့ ရောက်လာတဲ့ လူစုလူဝေးကို ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ဖိလစ်ပိုင်မှာ နှစ်စဉ် အပူပိုင်းမုန်တိုင်း အလုံး ၂၀ လောက် ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး ရေကြီး မြေပြိုတာတွေ ဖြစ်လေ့ရှိပါတယ်။

1 month Ago
More News
Up