သမ္မတ ထရမ့်ထောက်ခံသူတွေဟာ အမေရိကန် လွှတ်တော်တွင်းရှိ အောက်လွှတ်တော်ခန်းမ တံခါးကို ဇန်နဝါရီ ၆ ရက်က ဖျက်ဝင်ဖို့ ကြိုးစားတာကြောင့် လွှတ်တော်အမတ်တွေ ပုန်းအောင်းနေခဲ့ရပြီး လုံခြုံရေးအဖွဲ့ဝင်တွေက ဝင်လာသူတွေကို သေနတ်နဲ့ ချိန်ရွယ် ခြိမ်းခြောက်ခဲ့ရပါတယ်။
အဓိကရုဏ်းသမားတွေ ဝင်စီးနင်းချိန် လွှတ်တော်အတွင်း ရွေးကောက်ခံ ဘိုင်ဒင်ရဲ့ အောင်ပွဲကို အတည်ပြုတဲ့ နောက်ဆုံး အဆင့်တွေကို လုပ်ဆောင်နေပါတယ်။
အဓိကရုဏ်းသမားတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရန်ဖြစ်ပြီး လုံခြုံရေး အတားအဆီးတွေကို တွန်းဖယ်ရင်း လွှတ်တော်ထဲ အတင်းဝင်လာခဲ့ပါတယ်။
ဒါကြောင့် အထက်နဲ့ အောက်လွှတ်တော် အမတ်တွေဟာ သူတို့ရဲ့အလုပ်တွေကို ရပ်ပြီး ရုံးခန်းတွေအတွင်း ပုန်းအောင်းခဲ့ရပါတယ်။ ဆန္ဒပြသူတစ်ယောက်က အဓိကရုဏ်း နှိမ်နှင်းရေး ဒိုင်းလိုအရာနဲ့ လွှတ်တော် မှန်ပြတင်းကို ခွဲပြီး အဓိကရုဏ်းသမားတွေ အပေါ်တက်လို့ရအောင် လုပ်ပေးခဲ့ပါတယ်။
ဒါကြောင့် လုံခြုံရေးဝန်ထမ်းတွေက ပရိဘောဂတွေနဲ့ လွှတ်တော်ခန်းမတံခါးကို ပိတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လွှတ်တော် ရဲဝန်ထမ်းတွေက အောက်လွှတ်တော် အမတ်တွေကို လွှတ်တော်ခန်းမကနေ အခြားနေရာကို ပြောင်းရွှေ့ခဲ့ပါတယ်။
အလားတူ ဆန္ဒပြသူတွေက အထက်လွှတ်တော် ခန်းမထဲကို ဝင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အစောပိုင်းကပဲ လုံခြုံရေးတွေက လွှတ်တော်အမတ်တွေနဲ့ မဲရေတွက်တာကို ကြီးကြပ်တဲ့ ဒုသမ္မတ မိုက်ပန့်စ်ကို ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ပြီး ဖြစ်ပါတယ်။
လွှတ်တော်အမတ် ဒါဇင်နဲ့ချီဟာ လုံခြုံတဲ့ အခန်း တစ်ခုမှာ ပုန်းအောင်းနေချိန်မှာပဲ ရဲတွေကလည်း လွှတ်တော်အတွင်း လုံခြုံရေး ရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဇန်နဝါရီ ၆ ရက် ညပိုင်း မဲရေတွက်တာကို ပြန်စချိန်မှာတော့ လွှတ်တော် ဝန်းကျင်မှာ အထူးလုံခြုံရေးတွေကို ချထားတဲ့တယ်လို့ ရိုက်တာ သတင်းမှာရေးပါတယ်။
2 months Ago