လစ်ဗျား စစ်တပ်က စာတီမြို့ထဲမှာ ပုန်းအောင်းနေတဲ့ အစ္စလာမစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွ လက်ဖြောင့်သေနတ်သမား (snipers) တွေကို ပစ်မှတ်ထားပြီး အမြောက်တပ်နဲ့ ခြေလျင်တပ်တွေကို သုံးပြီး အောက်တိုဘာ ၂၈ ရက်နေ့က တိုက်ခိုက်နေပါတယ်။
ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ လစ်ဗျားအစိုးရကို သစ္စာခံတဲ့ တပ်တွေက မြောက်အာဖရိက ခြေကုပ်စခန်းထဲက အဆောက်အဦ အတော်များများထဲမှာ ပုန်းအောင်းနေတဲ့ အိုင်အက်စ်စစ်သွေးကြွတွေထဲက လက်ဖြောင့်သေနတ်သမား ၆ ယောက်ကို ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ်နိုင်ခဲ့တာပါ။
စာတီမြို့ဟာ လွန်ခဲ့တဲ့ တနှစ်ကျော်က အိုင်အက်စ်တွေ လက်ထဲကို ကျရောက်ခဲ့ပါတယ်။ လစ်ဗျားနိုင်ငံအတွင်း အစိုးရ ၂ ဖွဲ့ ရှိနေပြီး နယ်မြေ ရရှိရေး အပြိုင်တိုက်နေတဲ့ တခြား အုပ်စု အကွဲအပြဲတွေကြားမှာ အိုင်အက်စ်တွေက အခွင့်ကောင်း ယူခဲ့တာပါ။
ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ လစ်ဗျား အစိုးရက အချင်းချင်း ပြိုင်ဆိုင်နေတဲ့ လက်နက်ကိုင်တပ်မဟာ အကွဲအပြဲတွေကို ညီညွတ်အောင် စည်းရုံးဖို့ ကြိုးစားနေပါတယ်။
ဒီတပ်တွေဟာ ၂၀၁၁ အာဏာရှင် မွမ်မာ ကဒါဖီကို အတူ တိုက်ပွဲ ဝင်ခဲ့တဲ့ တပ်တွေပါ။ ကဒါဖီ ပြုတ်ကျအပြီး အချင်းချင်း ပြိုင်ဆိုင် ဆန့်ကျင် ခဲ့ကြပါတယ်။
စာတီမြို့ထဲက အိုင်အက်စ်တွေကို နှိမ်နင်းနိုင်ရင် ဆီးရီးယားနဲ့ အီရတ် ပြင်ပက အိုင်အက်စ် တွေရဲ့ အဓိက ခြေကုပ်စခန်းကို ဖျက်ဆီးနိုင်မှာပါ။
အီရတ် တပ်တွေက မိုဆူးလ်မြို့ကို အိုင်အက်စ်တွေ လက်ထဲက ပြန်ရအောင် တိုက်နေပါပြီ။
စာတီမြို့ကို မဝိုင်းခင်မှာ စာတီမြို့ထဲက အိုင်အက်စ် စစ်ဦးစီးမှူးနဲ့ တိုက်ခိုက်ရေးသမား တချို့က လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပါတယ်။
6 years Ago