ပုဒ်မ ၆၆(ဃ)

January 27, 2021

တပ်မတော်ကအမှုဖွင့်ထားသည့် DMG သတင်းသမား ၂ ဦး အာမခံရရှိ

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့  ရခိုင်အခြေစိုက် Development Media Group (DMG)  သတင်းဌာနမှ ဒုတာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်တို့ကို အာမခံပေး လိုက်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက် ညနေပိုင်းက  စစ်တွေမြို့ အမှတ် ၂ ရဲစခန်းမှာ အမှုကို စစ်ဆေးပြီးနောက် တစ်ဦးလျှင် ကျပ် ၁၅ သိန်းနဲ့ အာမခံပေးခဲ့တာဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ စပါးတောင်း ၇၀၀ ကို တပ်မတော်သားယူဆောင်သွားဟုဆို” ခေါင်းစဉ်နဲ့  ဇန်နဝါရီလ ၁၀ ရက်နေ့က ရေးသားဖော်ပြခဲ့လို့ တပ်မတော်ကို အသရေဖျက်တယ်ဆိုပြီး  အမှုဖွင့်ခံရတာဖြစ်ပါတယ်။

အဆိုပါသတင်းနဲ့ ပတ်သက်ပြီး DMG သတင်းဌာနရဲ့ ဒု-တာဝန်ခံအယ်ဒီတာကိုနေဝင်းစံနဲ့ သတင်းထောက် မနှင်းနွယ်တို့ကို  ဇန်နဝါရီလ ၂၂ ရက်နေ့မှာ  ဗိုလ်မှူးဘုန်းမြင့်ကျော်က စစ်တွေမြို့ အမှတ် (၂)နယ်မြေ ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခဲ့ပါတယ်။

DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်က သတင်းတပ်ဖွဲ့က တရားလိုလုပ်ကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၂)နဲ့ စစ်တွေမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် မောင်တောအခြေစိုက် DMG သတင်းထောက် ကိုအောင်ကျော်မင်းကိုလည်း ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က လမ်းတံတားဦးစီးဌာနက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ မောင်တောမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

Photo - Kaung Mrat Naing / MPA

3 months Ago

October 3, 2020

လုပ်ငန်းရှင်တဦးက DVB သတင်းထောက် ခွန်ဇော်ဦးကို ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲ

လားရှိုးမြို့က DVB သတင်းထောက် ခွန်ဇော်ဦးကို လုပ်ငန်းရှင်တယောက်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က စွဲဆိုခဲ့တဲ့ နိုင်လွတ်လုံ ပုဒ်မကို ဥပဒေအရာရှိက ပြင်ဆင်ပေးပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာ တရားရုံးကို တင်လာတာ ဖြစ်ပါတယ်။ လားရှိုး မြို့မရဲစခန်းက ဒုရဲမှုးမြင့်ကျော်က “မနှစ်က အလုပ်ရှင် အလုပ်သမားပြဿနာမှာ  အလုပ်သမားတွေက လုပ်အားခမရဘူးလို့ သူလိုင်းပေါ်တင်ရေးလို့ပါ။ ဦးရဲနိုင်ကတော့ သူ့အလုပ်သမားနဲ့ ပြေလည်ရာကြောင်းရှင်းကြတယ်။ ပေးရန် ရရန် ရှင်းလည်းရှင်းထားတယ်ပေါ့။ ခွန်ဇော်ဦးကို အာမခံလုပ်ပေးထားပါတယ်။ ကျနော်တို့ကတော့ တင်ပြမှုအပေါ် မှန်ကန်မှု ရှိ၊ မရှိပဲ စစ်ပေးမယ်” လို့  ပြောပါတယ်။ သတင်းထောက် ခွန်ဇော်ဦးဘက်ကလည်း အဲဒီလုပ်ငန်းရှင်ကို ခြိမ်းခြောက်မှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ ပြန်လည်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ “ကျနော့်ကို တရားစွဲဆိုသူ ဦးရဲနိုင်ဟာ အလုပ်သမားတွေကို အလုပ်ခိုင်းပြီး လုပ်အားခ ရှင်းမပေးသေးတဲ့ အကြောင်း ကျနော်ရေးသားဖော်ပြခဲ့တာဟာ သူ့ကိုသိက္ခာကျစေတယ်ဆိုပြီး ၆၆(ဃ)နဲ့ တရားစွဲတာပါ။  ဒါ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တာဖြစ်တယ်။ သတင်းမီဒီယာကျင့်ဝတ်သိက္ခာနဲ့အညီ အမှန်တရားအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်တယ်။ ပြီးတော့ ကျနော်စွဲဆို အမှုဖွင့်ထားတာက အခုထိ တရားရုံးကိုမရောက်သေးဘူး။ မေးလိုက်ရင် ဥပဒေအကြံတောင်းထားတယ်လို့ပဲ သိရတယ်” လို့ ကိုခွန်ဇော်ဦးက ပြောပါတယ်။ ဒီနေ့ထိ လုပ်အားခမရကြသေးတဲ့ အလုပ်သမားတွေကလည်း သက်သေလိုက်ပေးကြမှာ ဖြစ်သလို မျက်မြင်သက်သေတွေကလည်း ရုံးတော်မှာ လာရောက်ထွက်ဆိုပေးကြမှာဖြစ်တယ် လို့ သိရပါတယ်။
6 months Ago
Up