ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ဆန္ဒပြလို့ ဖမ်းဆီးခံရသူ ၁၈ ဦးကို အင်္ဂပူမြို့နယ် စခန်းမှူးက တရားလိုပြုပြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး အင်္ဂပူမြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူထားပါတယ်။
အင်္ဂပူမြို့နယ်တွင်းက စုပေါင်းသပိတ်စစ်ကြောင်းကို ဖေဖေါ်ဝါရီ ၂၈ ရက်ကရဲတပ်ဖွဲ့နဲ့ စစ်တပ်က လူစုခွဲပြီး ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေကိုဖမ်းဆီးခဲ့ရာ စုစုပေါင်း ၁၉ ဦးဖမ်းဆီးခံရတာပါ။
အဆိုပါ ဖမ်းဆီးခံ ၁၉ ဦးထဲက လူငယ်တစ်ဦးကိုတော့ အသက်မပြည့်လို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့နယ်က သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အမျိုးသားစာပေဆုရ စာရေးဆရာ ဦးထက်နိုင် (တလုတ်)ကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတယ်လို့ သပိတ်ကော်မတီကနေ သိရပါတယ်။
မိုးကုတ်မြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြည်သူ ထောင်သောင်းချီ နေ့စဥ် ဆန္ဒထုတ်ဖော်နေကြတာပါ။
သပိတ်စစ်ကြောင်းကို ဦးဆောင်တဲ့ သပိတ်ခေါင်းဆောင်တွေကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့က ရေပူဆရာတော်၊ ဦးစိုးဌေးနဲ့ စာရေးဆရာ ဦးထက်နိုင်တို့ကို ရဲတပ်ဖွဲ့က နေအိမ်တွေမှာ လိုက်လံရှာဖွေနေကြတာကြောင့် တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
သတင်း - ဟန်နာထက်အောင်