ပုဒ်မ ၅၀၅(ခ)အမှု

October 5, 2021

ပုဒ်မ ၅၀၅(ခ)အမှုနှင့်ပတ်သက်၍ ခေါင်းဆောင်သုံးဦးကို ရုံးချိန်း တစ်ချိန်းစီ စစ်မည်

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးကို စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေထဲကနေ ပုဒ်မ ၅၀၅(ခ) အမှုကို နောက်ရုံးချိန်းတွေမှာ တစ်ချိန်းစီစစ်မယ်လို့ တရားရုံးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

ရှေ့နေ ဦးခင်မောင်ဇော်က “၅၀၅(ခ) အမှုနဲ့ပတ်သက်ပြီး ခံပြစာရင်းတင်ဖို့ပါ။ ဒါပေမယ့် ခံပြစာရင်းမတင်တော့ပါဘူး။ စွပ်စွဲခံရသူတွေကို ရုံးချိန်းတစ်ချိန်းစီ စစ်ဖို့ ရုံးက အမိန့်ချလိုက်ပါတယ်။ ၁၂ ရက်နေ့ကျရင် စွပ်စွဲခံရသူ (၁) ကို သက်သေအဖြစ် စစ်ပါမယ်။ ၂၆ ရက်နေ့ကျရင် စွပ်စွဲခံရသူ (၂) ကို သက်သေအဖြစ် စစ်ပါမယ်။ နောက် ၂ ရက်နေ့ကျတော့ စွပ်စွဲခံရသူ (၃) ကို သက်သေအဖြစ် စစ်ပါမယ်။ ဒါအမှုကို စွပ်စွဲခံရသူတွေဘက်အနေနဲ့ CMP စပြီး စီစဉ်တာပါ” လို့ ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မနေ့က အမှုတွေလိုပဲ တစ်ပတ်ခြားတခါ စစ်ဆေးပေးဖို့ လျှောက်လွှာတင်ခဲ့ပြီး အောက်တိုဘာ ၁၂ ရက်နေ့ ရုံးချိန်းမှာ အမိန့်ချမယ်လို့ ဆိုပါတယ်။

ဒီနေ့ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဦးညီညီဆိုသူက စွဲဆိုထားတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အမှုနဲ့ပတ်သက်ပြီး ဦးမြင့်နိုင်ဆိုတဲ့ သက်သေ ရုံးချိန်းမလာတာ ကြာနေပြီဖြစ်တဲ့အတွက် သက်သေအဖြစ် ပယ်ဖို့ ရုံးတော်က တရားလိုတွေဘက်ကို မေးခဲ့သလို စွပ်စွဲခံရသူတွေ ဘက်ကလည်း ပယ်ဖို့ လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ 

တရားရုံးက သက်သေကို ပယ်တာမျိုးမဟုတ်ဘဲ လုပ်ထုံးလုပ်နည်းအရ သက်သေကို မစစ်ဘဲ ရှိပြီးသား သက်သေရဲ့ ထွက်ချက်တွေအပါ်မှာ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ပေးဖို့ အမိန့်ချလိုက်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

3 weeks Ago
Up