ပုဒ်မ ၅၀၅(ခ)

October 26, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားရုံးတွင် ထွက်ဆို

သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲ တရားစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ) အမှုအတွက် အောက်တိုဘာ ၂၆ရက်နေ့က နေပြည်တော်ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ်။

တရားလိုတွေရဲ့မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ကောင်းကောင်းတုံ့ပြန်ဖြေကြားနိုင်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

အမှုစစ်ဖြစ်တာမှန်ပေမယ့် အသေးစိတ်အချက်အလက်တွေကိုရရှိဖို့တော့ ခက်ခဲတယ်လို့ ဆိုပါတယ်။ တရားလိုတွေဘက်က ဘာတွေမေးတယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘာတွေပြန်ဖြေကြားတယ်ဆိုတဲ့ အကြောင်းအရာတွေကို အသေစိတ် မသိရသလို တရားရုံးက တစုံတရာ ထုတ်ပြန်တာလည်းမရှိခဲ့ပါဘူး။

နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေအဖွဲ့မှာမူလက ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဦးသဲမောင်မောင်၊ ဒေါ်စန်းမာလာညွန့်နဲ့ ဒေါ်မင်းမင်းစိုးတို့ ၅ ဦးပါဝင်ခဲ့ပြီး ၅ ဦးစလုံးကို စစ်ကောင်စီက သတင်းထုတ်ပြန်ခွင့် ပိတ်ပင်ထားပါတယ်။  အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ရှေ့ဦးသန်းလှိုင်နဲ့ ဦးကျော်စိန်လွင်တို့ ၂ ဦး ရှေ့နေ့အဖွဲ့မှာ ပါဝင်လာခဲ့ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့မှာ ၅၀၅(ခ) အမှုအတွက် ရုံးချိန်းပြန်ခေါ်ထားပြီး နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို ဆက်လက်စစ်ဆေးသွားဖို့ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ရှေ့နေတွေကို ပြောဆိုခွင့်ပိတ်ပင်ခဲ့တဲ့အတွက် အမှုအခြေအနေအသေးစိတ်ကို ပြည်သူတွေ သိရှိရဖို့ခက်ခဲနေပါတယ်။

တရားဥပဒေကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီရဲ့ဆောင်ရွက်ချက်တွေ၊ စွပ်စွဲချက်တွေဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဝေဖန်ထားပါတယ်။

3 months Ago

June 15, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပါ ၃ ဦးကို စွဲထားသည့် ပုဒ်မ ၅၀၅(ခ) အမှုတရားလိုကို စတင်စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲ စွဲဆိုခံထားရတဲ့ ပုဒ်မ ၅၀၅(ခ) အမှု အတွက် တရားလိုဖြစ်တဲ့ ဒက္ခိဏခရိုင်ဒုအုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေကို ဇွန်လ ၁၅ ရက် ဒီနေ့မနက် က နေပြည်တော် အထူးတရားရုံးမှာ စတင်စစ်ဆေးပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးတည်းအပေါ် စွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အတွက်လည်း တရားလို ဦးထွန်းမြင့်အောင် (ခ) ညီညီကို တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးချိန်မှာ တရားလိုကိုပဲ အဓိကစစ်မေးမြန်းခဲ့တာဖြစ်ပြီး နောက်ရုံးချိန်းကျမှ အပြန်အလှန်စစ်မေးတာတွေဆောင်ရွက်နိုင်မယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

"အဓိကစစ်မေးခြင်းပဲပြီးပါတယ်။ အပြန်အလှန်စစ်မေးခြင်းကို နောက်ရုံးချိန်းမှ ဆောင်ရွက်မယ်။ ရုံးချိန်းက တစ်ပတ်ကို နှစ်ရက်နှုန်းနဲ့ ရှေ့ဆက်သွားမယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က စိတ်ပါဝင်စားစွာနဲ့နားထောင်တယ် ရှေ့နေတွေနဲ့ဆွေးနွေးပါတယ်။ ဒီနေ့ သုံးယောက်နဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ဆွေးနွေးခွင့်ရပါတယ်။ သူတို့က ဘာမှလုပ်ထားတာမရှိသေးတဲ့အတွက် ထွေထွေထူးထူးပြောစရာမရှိသေးပါဘူး"။

ဒီမနက်ရုံးချိန်းမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်၊  ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးနဲ့ ရှေ့နေတွေ နာရီဝက်ကြာသီးခြားတွေ့ဆုံခွင့်ရခဲ့ပါတယ်။

ရုံးချိန်းမှာ တရားလိုကို စစ်မေးတဲ့အပိုင်းပဲရှိသေးတဲ့အတွက် အခြေအနေကို ခန့်မှန်းလို့မရသေးဘူးလို့ ရှေ့နေတွေကပြောပါတယ်။ ခေါင်းဆောင်သုံးဦးကတော့ ကျူးလွန်ထားတာ တစုံတရာမရှိတဲ့အတွက် သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတာကိုတွေ့ရတယ်လို့ ဒေါ် မင်းမင်းစိုးကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်လှုံ့ဆော်မှု ဥပဒေပုဒ်မ ၅၀၅(ခ)၊ နိုင်ငံတော်အကြည်ညိုပျက်အောင်လှုံ့ဆော်မှု ဥပဒေ ၁၂၄ (က)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅နဲ့အမှုနှစ်ခု၊ နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃(၁)(ဂ) တို့နဲ့ တရားစွဲဆိုထားပြီး ဇွန်လ၉ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ လည်း အမှုထပ်ဖွင့်ထားတာဖြစ်ပါတယ်။ 

ဇွန်လ ၁၄ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စွဲထားတဲ့ အမှုလေးမှု အတွက် တရားလိုတွေကို စတင်စစ်ဆေးခဲ့ပါတယ်။ နောက်ထပ်ရုံးချိန်းတွေကတော့ မှုခင်းစီမံခန့်ခွဲရေး အစည်းအဝေးသဘောတူညီချက်အတိုင်း အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တွေမှာ ဆက်စစ်ဖို့  တရားရုံးက ဆုံးဖြတ်ထားပါတယ်။ 

7 months Ago
More News
Up