ပုဏ္ဏားကျွန်း ယိုးတရုတ်ရဲကင်းစခန်းကို လက်နက်ကိုင်အဖွဲ့ ၀င်တိုက်၊ ရဲတပ်ဖွဲ့ဝင်အချို့ကျဆုံး

March 10, 2019

ပုဏ္ဏားကျွန်း ယိုးတရုတ်ရဲကင်းစခန်းကို လက်နက်ကိုင်အဖွဲ့ ၀င်တိုက်၊ ရဲတပ်ဖွဲ့ဝင်အချို့ကျဆုံး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာရဲကင်းစခန်းကို လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့က မနေ့ညက ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ တပ်​မ​တော်​ သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့ အတွင်း​ရေးမှူး ဗိုလ်​ချုပ်​​ဇော်​မင်းထွန်းက “အဲ့စခန်းကလည်း အင်​အားနည်းတယ်​။ အကျအဆုံးနဲ့ လက်​နက်​​တွေ ပါသွားတာ မှန်​ပါတယ်​။ ဘယ်​​လောက်​ကျဆုံးတယ်​၊ လက်​နက်​ဘယ်​​လောက်​ ပါသွားတယ်​ဆိုတာ ကျနော်​တို့ သတင်းထုတ်​ပြန်​​ပေးမှာပါ။ အခုက​​တော နယ်​​မြေထိန်းသိမ်းထားနိုင်​တဲ့ အ​နေအထား ရှိပါတယ်​” လို့ ​ ပြောပါတယ်​။ ထွက်ပေါ်လာတဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ပေးပို့တဲ့ အစီရင်ခံစာမှာတော့ ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး ရဲတပ်သား ၁ ဦး​နဲ့ ​ လက်​နက်​ ၁၂ လက်​ ​ပျောက်​ဆုံးခဲ့တယ်လို့  ဖော်ပြထားပါတယ်။ မတ်လ ၉ ရက် ည ၁၁ နာရီ မိနစ် ၂၀ လောက်ကစပြီး လက်နက်ကိုင်အဖွဲ့တခုက  လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ယိုးတရုတ် ရဲစခန်းကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ရန်သူ လက်နက်ကိုင်အဖွဲ့က လက်နက်ချခိုင်းခဲ့ပေမယ့် ရဲတပ်ဖွဲ့တွေက လက်နက်မချဘဲ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တာကြောင့် ည ၁၂ နာရီလောက်မှာ တိုက်ပွဲရပ်တန့်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကြောင့် ရဲတပ်ကြပ်ကြီး ၁ ဦး၊ ရဲအရာခံ ၁ ဦး၊ ရဲတပ်ကြပ် ၂ ဦး၊ ဒုရဲတပ်ကြပ် ၄ ဦးနဲ့ ရဲတပ်သား ၁ ဦးတို့ စုစုပေါင်း ၉ ဦးကျဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် ဒီဗွီဘီက အတည်ပြုချက်ယူလို့ မရသေးပါဘူး။ ယိုးတရုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသိန်းအောင်က "ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်။ ဘာဖြစ်လို့ ဖြစ်မှန်းမသိဘူး၊ အခု မနက် ၃ နာရီကျော်ပါပြီ။ အခုလည်း ကြိုးကြားကြိုကြား ကြားနေရဆဲပါ။ ကျေးရွာသူ/သားတွေ အားလုံး အကာအကွယ်ယူပြီးနေနေရပါတယ်။ ဖုန်းနောက်ခေါ်လိုက်ပါ၊ အခု စကားပြောဖို့မလွယ်ပါ။ ပစ်နေကြတယ်ဆိုတော အပြင်ကိုလည်း မထွက်ရဲဘူး" လို့ ပြောပါတယ်။ အခုလက်​ရှိ ယိုးတရုတ်​ကျေးရွာမှာ​ လမ်းသွားလမ်းလာတွေ ​နည်းပါး​နေသလို ဈေးဆိုင်​အများစု ပိတ်​ထားကြပြီး ကျေးရွာသူရွာသားတွေလည်း နေအိမ်တွေမှာ​ မ​နေ၀ံ့တော့တဲ့ အ​နေအထားမှာရှိ​နေ​ကြောင်း ​နောက်​ဆက်​တွဲ တိုက်​ပွဲဖြစ်​လာမှာ​ကို စိုးရိမ်​​နေကြ​ကြောင်း သိရပါတယ်​။ ယိုးတရုတ်ကျေးရွာဟာ ပုဏ္ဏားကျွန်းကနေ ၃၃ မိုင်​ ​ဝေး​ကွာပြီး ယိုးတရုတ်​စံပြ​ကျေးရွာမှာ​ အိမ်​​ခြေ ၁၀၀၀​ ကျော်၊​ လူဦး ၇၀၀၀ ​ကျော်​ရှိ​ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့မှုပြီး ဖြစ်ပွားခဲ့သလို ၂၀၁၉ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာနဲ့ သဲတော်ကျေးရွာကြား ရန်ကုန် စစ်တွေ ကားလမ်းမကြီး လမ်းဘေးဝဲယာမှာ မိုင်းနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်​။ ပုဏ္ဏားကျွန်းမြို့နယ်မှာ အေအေ နဲ့ တပ်မတော် တိုက်ပွဲတွေ မကြာမဏဆိုသလို ဖြစ်ပွားနေပါတယ်။ ဗညား
2 years Ago
Up