ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ ပုဂံပြာသိုပွဲ (သို့) အာနန္ဒာ ဘုရားကြီးပွဲတော်ကို ၉၂၈ ကြိမ်မြောက် ကျင်းပနေပါတယ်။
အာနန္ဒာဘုရား ဂေါပကဥက္ကဋ္ဌ ဦးမျိုးညွှန့်က “အညာဒေသ ပုဂံဒေသ ဘုရားပွဲတော်တွေထဲ ကမှ ဒီပြာသိုပွဲ ဘာကြောင့် အစည်ကားဆုံးလို့ ဆိုရသလဲဆိုရင် လယ်ယာနားတဲ့အချိန် လယ်ယာထွက်သီးနှံတွေလည်း ရောင်းလို့ဝယ်လို့ ငွေပေါ်တဲ့အချိန်လည်းဖြစ်ပြီး ၁၂ ပွဲလိုက် ဈေးသည်တွေကလည်း ဒီပွဲကို အလေးထားကြတယ်။ တနှစ်လုံးအသုံးပြုမယ့် လယ်အတွက် ယာအတွက် ထွန်တုံးတွေ၊ ထယ်သွားတွေ၊ လူသုံးကုန်တွေ၊ အဝတ်အစားတွေအစုံ အရောင်းအဝယ်လုပ်ကြတာ ငွေလည်းပေါ်တယ်။ လယ်ယာကဏ္ဍ နားတဲ့အချိန်လည်းဖြစ်တယ်။ နောက်လယ်ယာ ကဏ္ဍအတွက် ပြင်ဆင်ချိန်လည်းဖြစ်၊ ဒါကြောင့် ပြာသိုပွဲဟာ အရမ်းစည်တာပါ”လို့ ရှင်းပြပါတယ်။
အဓိက ဘုရားပွဲတော်ဟာ အလှူဒါနပြုတာဖြစ်ပြီး ဘုရားကြီးအတွင်း တရားပွဲများ၊ ပဌာန်းပွဲတွေနဲ့ ပြာသိုလပြည်နေ့ မနက်မှာ ပုဂံပတ်ဝင်းကျင်က သတင်းသုံးဆရာတော်တွေပင့် သံဃာတွေအပြင် အနယ်နယ်အရပ်ရပ်က ကြွရောက်လာတဲ့ သံဃာတော်တွေကို ဆွမ်းသပိတ် လောင်းလှူကြပြီး၊ ပုဂံ၊ တောင်မှီ၊ ဝက်ကြီးအင်း၊ ညောင်ဦး၊ မြင်းကပါ၊ သရိ အဲဒီကအပြင် လှည်းဝိုင်းတွေနဲ့ လာနေကြတဲ့ လူတွေက ဆွမ်းသပိတ်အပြင် မြေပဲတွေ လယ်ယာထွက်ကုန် တွေကို လှူဒါန်းကြတာပါ။
အာနန္ဒာဘုရားကြီးပွဲတော်ကို ပြာသိုလဆန်း ၈ ရက်မှ ပြာသိုလကွယ်အထိ (ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၄ ရက်အထိ တလနီးပါးကျင်းပပြီး ပြန်ကျဈေးသည် အလွတ်ဆိုင်ခန်းပေါင်း ၁၈၇၀ ခန်းရှိပြီး ဇာတ်ပွဲတွေ အားကစားပွဲတွေနဲ့ နှစ်စဉ် လှည်းဝိုင်းကြီးတွေနဲ့ စည်စည်ကားကား ကျင်းပလာခဲ့တာပါ။
အခုအခါမှာ နွားလှည်းအစီးရေ လာရောက်မှုနည်ပါးလာပြီး ခေတ်ကာလ အပြောင်းအလဲကြောင့် ကား ထော်လာဂျီတွေနဲ့ ပြောင်းလဲလာရောက်မှုကိုလည်း ယဉ်ကျေးမှု ပုံစံမပျက်အောင် လှည်းဝိုင်းကြီးတွေ ပြန်ဖြစ်အောင်လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။
သတင်း - ကိုလင်း(ချောက်)
2 years Ago