ပီရူးတွင် မပုပ်အောင်

February 2, 2018

ပီရူးတွင် မပုပ်အောင် စီမံထားသည့် ၁၉ ရာစုက တရုတ်ရုပ်အလောင်းများကို တူးဖော်လေ့လာ

ပီရူးနိုင်ငံက ရှေးဟောင်းသုတေသီတွေဟာ မပုပ်မသိုးအောင်စီမံထားတဲ့ ၁၉ ရာစုတုန်းက  တရုတ်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ရုပ်အလောင်းတွေကို တူးဖော်လေ့လာနေပါတယ်။ သုတေသီတွေဟာ မပုပ်မသိုးအောင်စီမံထာတဲ့ တရုတ်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ရုပ်အလောင်း ၃ ခုကို အခေါင်းတွေနဲ့အတူ  ကာရာဘာအီယို ခရိုင်၊ လီမာမြို့မြေအောက် တစ်မီတာလောက်ကနေ တူးဖော်ခဲ့တာပါ။ ကာလစ်ဒါ ဓာတ်ငွေ့ဖြန့်ဖြူးရေး ကုမ္ပဏီဝန်ထမ်းတွေက သဘာဝဓာတ်ငွေ့ပိုက်လိုင်း အသစ်တပ်ဖို့ လုပ်နေတုန်း အခေါင်းတွေကို ဇန်န၀ါရီ ၂၂ ရက်နေ့တုန်းက တွေ့ခဲ့တာပါ။ အခေါင်းထဲမှာ တရုတ်ရိုးရာ ရှေးအသုံးအဆောင်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ “ကြည့်ရတာ ဒီအလောင်းတွေ မပုပ်သွားအောင် သဘာဝကျကျ စီမံခဲ့ပုံပါပဲ။ စိတ်ဝင်စားစရာ ပစ္စည်းတွေသုံးပြီး အ၀တ်ဝတ်ထားပေးတယ်။ စောင်တွေ ဖုံးထားတယ်။ အလောင်းတခုမှာ နက်နည်းတဲ့ အဓိပ္ပာယ်ပါတဲ့ တရုတ်တားရော့ကတ် ဖြစ်နိုင်တဲ့ ကတ်တချို့ တွေ့တယ်။ နောက်တလောင်းမှာ ဘိန်းရှူဖို့ ပစ္စည်းတွေနဲ့ ဆေးလိပ်သောက်ဖို့ ဆေးတံပါပါတယ်။ ဘိန်းဆေးမီးရှို့ဖို့ မီးချစ်နဲ့ တရုတ်အိုးလည်းပါတယ်” လို့ ရှေးဟောင်းသုတေသီ ဆစ်စီလီယာကာမာဂိုက ပြောပါတယ်။ ဒီအလောင်းတွေဟာ ၁၉ ရာစုအလယ်ပိုင်းမှာ ထွန်းကားခဲ့တဲ့ သကြားနဲ့ ချည်မျှင်လုပ်ငန်းမှာ လုပ်ကိုင်ဖို့ ပီရူးနိုင်ငံကို ပထမဆုံးရောက်လာတဲ့ တရုတ်ရွှေ့ပြောင်း နေထိုင်သူတွေထဲက ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆပါတယ်။ ဒါ့ကြောင့် အခုအလောင်းတွေ တွေ့တဲ့နေရာမှာ တရုတ် ရွှေ့ပြောင်းတွေရဲ့ ရုပ်ကြွင်းတွေ ထပ်တွေ့နိုင်သေးတယ်လို့လည်း ယူဆထားကြောင်းပါ။
3 years Ago
Up