ပီရူးတွင် ခရီးသည်တင်ယာဉ်၊ ကုန်ကားနှင့်ဆိုင်ကယ်တို့ ဆင့်ကဲတိုက်၊ ၁၈ ဦး သေဆုံး (ရုပ်သံ)

February 25, 2017

ပီရူးတွင် ခရီးသည်တင်ယာဉ်၊ ကုန်ကားနှင့်ဆိုင်ကယ်တို့ ဆင့်ကဲတိုက်၊ ၁၈ ဦး သေဆုံး (ရုပ်သံ)

ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းမြို့ ထရူဂျီလိုနားမှာ ခရီးသည်တင်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တစီး၊ ပစ်ကပ်ကုန်ကားတစီးတို့ ဆင့်ကဲ တိုက်မိလို့ လူအနည်းဆုံး ၁၈ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရပါတယ်။ ပစ်ကပ်ကားက ဘရိတ်ပေါက်ပြီး ဆိုင်ကယ်ကို တိုက်မိတာပါ။ အဲဒီနောက် ခရီးသည်တင် ကားကို ဆက်တိုက်မိခဲ့ပါတယ်။ ရှေးဦးသူနာပြုတွေ၊ အရပ်ဘက် ကာကွယ်ရေး လုပ်သားတွေ၊ မီးသတ်သမားတွေနဲ့ အဝေးပြေး ရဲတွေ အခင်းဖြစ်ရာကို ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ကူညီလုပ်ပေးခဲ့ပါတယ်။ ကားပျက်တွေထဲက လူတွေကို ကယ်ထုတ်ဖို့ လွှတွေကို သုံးခဲ့ရပါတယ်.။ ခရီးသည်တင်ကားဟာ ကုန်ကားနဲ့ တိုက်မိအပြီး အဝေးပြေးလမ်း တဖက်ခြမ်းကို ကျွမ်းပြန်ကျခဲ့ပြီး မီးလောင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ကုန်ကားကတော့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ စက္ကူတွေ တင်လာလို့ မီးအားပိုကောင်း ခဲ့တာပါ။ ခရီးသည်တင်ကားထဲက လူ ၁၃ ယောက်ကတော့ အခင်းဖြစ်နေရာမှာ မီးလောင် သေဆုံးခဲ့ပါတယ်။ ဆိုင်ကယ်နဲ့ ကုန်ကားမောင်းသူတို့လည်း သေဆုံးပါတယ်။ နောက် လူတယောက်ကတော့ ဆေးရုံကို သွားနေတုန်း လမ်းမှာတင် သေဆုံးတယ်လို့ ဒေသခံ မီဒီယာက အစီရင် ခံပါတယ်။ အဝေးပြေးလမ်းကို စစ်ဆေးဖို့ အာဏာပိုင်တွေက လမ်းကြော ၂ ဖက်စလုံးကို ၁ နာရီလောက် ပိတ်ထားခဲ့ပါတယ်။
4 years Ago
Up