ပီရူးတွင် ခရီးသည်တင်ဘတ်စ်ကားတစီး ချောက်ထဲထိုးကျ၊ သေဆုံးသူ ၄၈ ဦးရှိ

January 3, 2018

ပီရူးတွင် ခရီးသည်တင်ဘတ်စ်ကားတစီး ချောက်ထဲထိုးကျ၊ သေဆုံးသူ ၄၈ ဦးရှိ

ပီရူးနိုင်ငံ မြို့တော်လီမာအနီးမှာ ဇန်နဝါရီ ၂ ရက်နေ့က ခရီးသည်တင်ဘတ်စ်ကားတစင်း တိမ်းမှောက်ပြီး ချောက်ထဲကို ထိုးကျသွားခဲ့လို့ သေဆုံးသူ ၄၈ ဦးထိရှိပြီး အပြင်းအထန် ဒဏ်ရာရသူ ၆ ဦးကို ဆေးရုံတင် ကုသနေရပါတယ်။ လက်ရှိအချိန်ထိ ရုပ်အလောင်း ၃၆ လောင်းကို ချန်ကေးမြို့ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး နောက်ထပ် အလောင်း ၁၂ လောင်းဟာ ဘတ်စ်ကားထဲမှာပဲ ပိတ်မိနေတယ်လို့ ပီရူးရဲတပ်ဖွဲ့က ပြောကြားပါတယ်။ ခရီးသည်တင်ဘတ်စ်ကားဟာ လူ ၅၀ ခန့် တင်ဆောင်လာတာဖြစ်ပြီး  ထရပ်ကားတစင်းကို တိုက်မိကာ လမ်းချော်တိမ်းမှောက်ခဲ့တာပါ။ ထရပ်ကားက ဘတ်စ်ကားလမ်းကြောင်းထဲကို ဝင်လာတာကြောင့် အခုလို မတော်တဆမှု ဖြစ်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ ထရပ်ကားရဲ့အမှားဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ အခင်းဖြစ်နေရာမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ ဘတ်စ်ကားဟာ အဝေးပြေးလမ်းမရဲ့ဘေးက ကျောက်တောင်ထူထပ်တဲ့ မီတာ ၁၀၀ အနက်ရှိ ချောက်ထဲကို ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျသွားတာ တွေ့ရပါတယ်။
4 years Ago
Up