ပီရူးတွင် ခရစ်ယာန်ဘာသာရေးပွဲတော်

January 17, 2018

ပီရူးတွင် ခရစ်ယာန်ဘာသာရေးပွဲတော် ဆင်နွှဲနေသူများကို ရဲကားက ဝင်တိုက်

ပီရူးနိုင်ငံ အနောက်မြောက်ပိုင်းရှိ ချီကလာယိုမြို့မှာ ခရစ်ယာန်ဘာသာရေးပွဲတော် ဆင်နွှဲနေတဲ့ လူအုပ်ကို ကင်းလှည့်နေတဲ့ ရဲကားတစီးက အရှိန်မထိန်းနိုင်ဘဲ ဇန်နဝါရီ ၁၅ ရက်နေ့က ဝင်တိုက်မိခဲ့ပါတယ်။ ချီကလာယိုမြို့ရဲ့ ပန်းခြံထဲမှာ စုဝေးနေတဲ့ ဝတ်ပြု ဆုတောင်းသူတွေထဲက အနည်းဆုံး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ လူအုပ်ထဲ တိုးဝင်ခဲ့တဲ့ ရဲကားဟာ အနီးမှာရှိနေတဲ့ ကုန်ကားတစီးကို တိုက်မိပြီး ရပ်သွားပါတယ်။ လမ်းပေါ်မှာ လဲကျပြီး ဒဏ်ရာရသူတွေကို ဆေးခန်းတွေကို ပို့ပေးခဲ့ကြတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ သံသယရှိသူနှစ်ဦးကို ဖမ်းထားပြီး ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲလို့ ချီကလာယိုမြို့ ရဲအရာရှိက ပြောပါတယ်။ ဝတ်ပြုဆုတောင်းသူတွေဟာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကို တွေ့ဖို့ သယူဟီယိုမြို့ကို သွားကြမယ့်သူတွေပါ။ အခင်းဖြစ်ရာကို ချီကလာယိုမြို့ ခရစ်ယာန်ဘုန်းတော်ကြီး ရောက်လာပြီး ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါတယ်။ ဒဏ်ရာရသူတွေ အမြန်ဆုံးပြန် သက်သာလာစေဖို့ ဘုန်းတော်ကြီးက ဆုတောင်းပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
4 years Ago
Up