ပီရူးတွင်

February 2, 2018

ပီရူးတွင် ရဲနှင့်ဆန္ဒပြလယ်သမားများ အဓိကရုဏ်းဖြစ်ပွား၊ ၂ ဦးသေ

ဇန်န၀ါရီ ၃၁ ရက်က ပီရူးနိုင်ငံ တောင်တန်းဒေသတလျှောက်မှာ ရဲတွေနဲ့ အာလူးစိုက်ပျိုးတဲ့ ဆန္ဒပြလယ်သမားတွေ အဓိကရုဏ်းဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲမှာ လယ်သမား ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။ အာလူးဈေး သိသိသာသာ ကျဆင်းခဲ့ပြီးတဲ့နောက်မှာ အစိုးရဘက်က ကတိအတိုင်း အာလူးတွေ ပိုဝယ်ပေးဖို့ လယ်သမားတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။ သူတို့ဟာ အဝေးပြေးလမ်းမတွေကိုလည်း ပိတ်ဆို့ခဲ့ကြပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ကုန်ဈေးနှုန်းသင့်တင့်အောင် ကူညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြလယ်သမားတွေက လမ်းတွေကို ကားတာယာတွေနဲ့ ပိတ်ဆို့ခဲ့ပါတယ်။ ဆန္ဒပြလူအုပ်ကို ရဲတွေက မျက်ရည်ယို ဗုံးသုံးပြီး လူစုခွဲခဲ့ပါတယ်။ လယ်သမားတွေဟာ နိုင်ငံမြောက်ပိုင်းက နိုင်ငံပိုင် ရေအားလျှပ်စစ်ဆည်တခုကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့အတွက် ရဲတွေနဲ့ အဓိကရုဏ်းဖြစ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

September 29, 2017

ပီရူးတွင် အကျဉ်းကျနေသည့် စပိန်အကျဉ်းသား ၆၀ ကျော်ကို ပြန်လွှဲပေး

ပီရူးနိုင်ငံထဲမှာ အကျဉ်းကျနေတဲ့ စပိန်အကျဉ်းသား အယောက် ၆၀ ကျော်ကို စပိန်အာဏာပိုင်တွေဆီ စက်တင်ဘာ ၂၈ ရက်က လွှဲပေးလိုက်ပါတယ်။ အကျဉ်းသား ၃၁ ဦးဟာ များသောအားဖြင့် မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အမှုတွေနဲ့ ထောင်ကျခံနေရတာဖြစ်ပြီး သူတို့ဟာ ပြစ်ဒဏ်ကို စပိန်နိုင်ငံထဲမှာ ဆက်လက်ကျခံရမှာ ဖြစ်ပါတယ်။ တခြားလူတွေကတော့ အပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့နေသူတွေပါ။ စပိန်ကိုပြန်ပြီးရင် သူတို့ကို ပီရူးနိုင်ငံပြန်လာဖို့ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ "မိခင်နိုင်ငံကို ပြန်ရမယ်ဆိုလို့ ပျော်တယ်၊ မိသားစုကို ပြန်တွေ့ဖို့ မျှော်လင့်တယ်၊ အများကြီး ဖြတ်သန်းခဲ့ပြီးပြီ၊ မိခင်နိုင်ငံထက် တခြားနိုင်ငံက နေရတာ ပိုကျပ်တည်းတယ်" လို့ စပိန်ကို ပြန်ပို့ခံရမယ့် ထောင်သားတဦးက ပြောပါတယ်။ ပီရူးနိုင်ငံဆိုင်ရာ စပိန်သံအမတ်ကြီးကလည်း "ထောင်ဒဏ်ကျခံနေရတဲ့ ကိုယ့်နိုင်ငံသား အုပ်စုကို ပြန်လွှဲပေးရတာ သံအမတ်တယောက်အနေနဲ့ အင်မတန် ခံစားရတယ်၊ အပြန်အလှန် သဘောတူညီချက်အရ သူတို့ဟာ ထောင်ဒဏ်တွေကို စပိန်နိုင်ငံထဲမှာ ဆက်လက်ကျခံရမယ်" လို့ ပြောပါတယ်။ အကျဉ်းသားလွှဲပြောင်းမှုဟာ ပီရူးနဲ့ စပိန် အပြန်အလှန် သဘောတူညီချက်ရဲ့ အစိတ်အပိုင်းပါ။ ဒီနှစ် မတ်လကလည်း စပိန်ထောင်သား အယောက် ၅၀ ကို စပိန်နိုင်ငံ ပြန်ပို့ခဲ့ပါတယ်။
4 years Ago
Up