ပီရူး

July 25, 2019

ပီရူးတွင် ကြေးနီသတ္တုတွင်းစီမံကိန်းကို ဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

ပီရူးနိုင်ငံတောင်ပိုင်းမှာ ကြေးနီသတ္တုတွင်း စီမံကိန်းတခုကို ဆန့်ကျင်တဲ့ ဒေသခံ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေအကြား ဇူလိုင် ၂၄ ရက်နေ့က ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ အာရီကီပါဒေသက အဝေးပြေးလမ်းမတခုကို ပိတ်ဆို့ဆန္ဒပြနေကြတဲ့ ဒေသခံတွေကို ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဓာတ်ငွေ့တွေသုံးပြီး လူစုခွဲဖို့ ကြိုးစားခဲ့ကြတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ နှစ်ဖွဲ့အကြား ထိပ်တိုက်တွေ့ဆုံမှုအတွင်း ရဲတပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရခဲ့ကြပါတယ်။ တောင်ပိုင်း ကြေးနီသတ္တုတွင်း စီမံကိန်းဟာ ဒေသရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးလိမ့်မယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒါပေမယ့် ပီရူးအစိုးရကတော့ တရားဝင်စည်းမျဉ်းတွေနဲ့အညီ ခွင့်ပြုထားတဲ့ အဲဒီစီမံကိန်းဟာ ဒေသစီးပွားရေးအတွက် အကျိုးရှိလိမ့်မယ်လို့ ပြောပါတယ်။ အဲဒီပြဿနာတွေ ဖြေရှင်းဖို့ ပီရူးသမ္မတ မာတင် ဗစ်ဇ်ကာရာက ဒေသန္တရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်ု ပီရူးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ကြေးနီထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး တိုင်းပြည်ပို့ကုန်ရဲ့ ရာခိုင်နှုန်း ၆၀ ကျော်ဟာ ကြေးနီသတ္တုတွေ ဖြစ်ပါတယ်။
2 years Ago

July 20, 2019

ပီရူးတွင် မီးတောင် ၂ ကြိမ်ပေါက်ကွဲ၊ ဒေသခံရာချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

ပီရူးနိုင်ငံ တောင်ပိုင်းက အူဘန်နက်စ် မီးတောင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပြီးနောက်မှာ ဇူလိုင် ၁၉ ရက်က အာဏာပိုင်တွေက မီးတောင်ဝန်းကျင်က ရာနဲ့ချီတဲ့ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းပေးခဲ့ပါတယ်။ မီးတောင် အရေးပေါ် သတိပေးချက် ထုတ်ပြန်ပြီးနောက်မှာ ပီးရူးသမ္မတ မာတင်ဗစ်ဇ်ကာရာက လေယာဉ်နဲ့ အနီးဝန်းကျင် မိုကယ်ဂွါ ဒေသကို သွားရောက်ခဲ့ပါတယ်။ သမ္မတ ဗစ်ဇ်ကာရာက “မီးတောင်ပေါက်ကွဲတဲ့ လက္ခဏာဟာ အရင်ပေါက်ကွဲတဲ့ လက္ခဏာတွေနဲ့ မတူဘူး” လို့ ပြောပါတယ်။ မိုကယ်ဂွါ ဒေသမှာရှိတဲ့  အူဘန်နက်စ် မီးတောင်ဟာ နိုင်ငံအတွင်း သက်ဝင်လှုပ်ရှားမှု အရှိဆုံး မီးတောင်ဖြစ်ပြီး မီးတောင်ပြာမှုန်တွေကို ၂၅ ကီလိုမီတာ ပတ်လည်ကို မှုတ်ထုတ်ခဲ့ပြီး လူနေဧရိယာ ၈ ခုထက်မနည်း မီးတောင်ပြာမှုန်ဒဏ်သင့်ခဲ့ပါတယ်။ အရေးပါတဲ့ သတ္တုတွင်းလုပ်ကွက် အများအပြားရှိတဲ့ ပီရူးတောင်ပိုင်းမှာ  သက်ဝင်လှုပ်ရှားတဲ့ မီးတောင် ဒါဇင်နဲ့ ချီပြီး ရှိပါတယ်။ ဒါ့အပြင် ပီရူးနိုင်ငံဟာ “ပစိဖိတ်မီးကွင်း” လို့ခေါ်တဲ့ မြေငလျင်နဲ့ မီးတောင်လှုပ်ရှားမှု အဖြစ်များဆုံးဒေသမှာ တည်ရှိပါတယ်။
2 years Ago
More News
Up