ပီးရူးသမ္မတ

September 19, 2020

ပီးရူးသမ္မတကို ရာထူးကဖယ်ရှားရေး မအောင်မြင်

ပီရူးသမ္မတ မာတင်ဗစ်ဇ်ကာရာဟာ သူ့ကို ရာထူးကနေ ဖယ်ရှားမယ့် ပြစ်တင်စွပ်စွဲ ချက်ကနေ လွတ်မြောက်ခဲ့ပါတယ်။  လူသိနည်းအဆိုတော် တဦးနဲ့ အစိုးရကြား ပုံမှန်မဟုတ်တဲ့ သဘောတူစာချုပ်တွေ  ချုပ်ဆိုခဲ့ တဲ့ကိစ္စနဲ့ ဆက်နွှယ်ပြီး  သမ္မတ ဗစ်ဇ်ကာရာကို  ကွန်ဂရက်မှာ စွပ်စွဲ ပြစ်တင်ခဲ့တာပါ။   စက်တင်ဘာ ၁၈ ရက်က အတိုက်အခံလွှမ်းမိုးတဲ့ ပီရူးကွန်ဂရက်မှာ ကိုယ်ကျင့်တရား ပျက်ယွင်းမှု အကြောင်းပြချက်နဲ့ ဗစ်ဇ်ကာရာကို  ရာထူးက ဖယ်ရှားရေး မဲခွဲဆုံးဖြတ်ရာမှာ    ထောက်ခံမဲ ၃၂ မဲ၊ ကန့်ကွက်မဲ ၇၈ မဲ၊ ပျက်ကွက်မဲ ၁၅ မဲနဲ့  ရာထူးက ဖယ်ရှားရေး မအောင်မြင်ခဲ့ပါဘူး။  စက်တင်ဘာ ၁၈ ရက် အစောပိုင်းက ကွန်ဂရက်ကို ပြောဆိုတဲ့မိန့်ခွန်းမှာ သမ္မတ ဗစ်ဇ်ကာရာက ပီရူးနိုင်ငံ မသေချာမရေရာတဲ့အခြေအနေကို ကျရောက်သွားမှာ သိပ်စိုးရိမ်စရာ ကောင်းတယ်လို့  ပြောဆိုခဲ့ပါတယ်။  သူ့ကို ပြစ်တင်စွပ်စွဲတဲ့လုပ်ရပ်ဟာ ကွန်ဂရက်ရဲ့ အကြံအစည် ဖြစ်တယ်လို့ ဗစ်ဇ်ကာရာက ဆိုပါတယ်။  ပြီးခဲ့တဲ့နှစ်က သမ္မတ ဗစ်ဇ်ကာရာရဲ့ အကျင့်ပျက်ခြစားမှု ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အတိုက်အခံနဲ့ သဘောထား ကွဲလွဲနေချိန်မှာပဲ ဗစ်ဇ်ကာရာက လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။  လက်ရှိ ပီးရူးလွှတ်တော်ကို ဇန်နဝါရီလမှာ ရွေးကောက်တင်မြှောက်ခဲ့တာပါ။   ပီရူးနိုင်ငံဟာ နိုင်ငံရေး မတည်ငြိမ်တဲ့ သမိုင်းကြောင်းရှိပြီး လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလမှာ လက်ရှိ သမ္မတကို စွပ်စွဲပြစ်တင်ဖို့ ၃ ကြိမ် ကြိုးပမ်းဖူးတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
8 months Ago
Up