ပီလခတ်ဘုရားကျောင်း

May 6, 2020

COVID-19 လူနာအမှတ် ၁၆၁ နှင့်ဆက်စပ်သည့် ပီလခတ်ဘုရားကျောင်းကို Lockdown ချ

COVID-19 လူနာအမှတ်  ၁၆၁ ထမင်းချက်အဖြစ်လာလုပ်ခဲ့ဖူးတဲ့  ကျောက်တန်းမြို့နယ်က ပီတခတ်ဘုရားကျောင်းကို Lockdown ချလိုက်ပြီလို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဒီဗွီဘီကိုပြောပါတယ်။ အဆိုပါ လူနာနဲ့ ပတ်သက်ပြီး နေရပ်လိပ်စာ အငြင်းပွားနေပြီး၊ လက်ရှိဆေးကုသမှုခံယူနေတဲ့ တောင်ဥက္ကလာပဆေးရုံကြီး တာဝန်ရှိသူကို ဒီဗွီဘီက ဒီကနေ့ ထပ်ပြီး သီးခြားအတည်ပြုချက် ရယူရာမှာလည်း သူဟာ ကျောက်တန်းမှာ နောက်ဆုံးနေခဲ့ကြောင်းနဲ့ သူနေထိုင်ခဲ့တဲ့ ရက်အတိအကျတော့ မသိရှိသေးကြောင်း ပြောပါတယ်။ ပီလခတ်ဘုရားကျောင်းအနီးက ပီလခတ်ကျေးရွာကိုလည်း ကျန်းမာရေးစစ်ဆေး စောင့်ကြည့်တာတွေနဲ့ အသွားအလာစောင့်ကြည့်တာတွေလုပ်ဖို့ စီစဉ်နေတယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မေလ ၄ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာတော့ အသက် ၆၂ နှစ်အရွယ် အမျိုးသားတဦးဖြစ်တဲ့ လူနာအမှတ် ၁၆၁ ဟာ အင်းစိန်မြို့နယ်မှာ နေထိုင်သူအဖြစ် ဖော်ပြထားပေမယ့် သူပေးထားတဲ့ အင်းစိန်မြို့နယ် နေရပ်လိပ်စာကို သက်ဆိုင်ရာက သွားရှာပေမယ့် မတွေ့ရဘဲ သူ နေထိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဖြစ်ကြောင်း သိရပါတယ်။ လူနာအမှတ် ၁၆၁ ဟာ ဒလမြို့နယ်က ကျူးကျော်ရပ်ကွက်မှာ နေထိုင်တယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့တာကြောင့် အဲဒီရပ်ကွက်နဲ့ အနီးအနားက ရပ်ကွက်တွေအတွင်း ပိုက်စိပ်တိုက်ရှာဖွေခဲ့ပေမယ့် မတွေ့ရကြောင်း ဒလနဲ့ အဆက်အစပ်မရှိတာ  ၂ နှစ်လောက်ရှိပြီ ဖြစ်ကြောင်း ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ဒီဗွီဘီကို ပြောပါတယ်။
12 months Ago
Up