ပီရူးနတ်ဆရာ

December 27, 2019

အမေရိကန်ရွေးကောက်ပွဲတွင် သမ္မတရမ့် ပြန်ရွေးမခံရဟု ပီရူးနတ်ဆရာများ ဟောကိန်းထုတ်

လာမယ့်နှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် ပြန်အရွေးခံရမှာ မဟုတ်ဘူးလို့ ပီရူးနတ်ဆရာတွေက ဒီဇင်ဘာ ၂၆ ရက်နေ့က ဟောကိန်းထုတ်လိုက်ပါတယ်။    မြို့တော် လီမာက ပက်စ်ကာဒေါ်ရယ် ကမ်းခြေမှာ ပီရူးနတ်ဆရာတွေ စုဝေးပြီး အစဉ်အလာပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ နတ်ဆရာ ဝေါ်လ်တာအယ်လာကွန်က လာမယ့် ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ ထရမ့် ပြန်အရွေးခံရမှာမဟုတ်ဘဲ နောက်တယောက် အရွေးခံရမယ်လို့ ဟောခဲ့တာပါ။ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့  အင်အားချိန်ခွင်လျှာညှိမယ့်သူကို ရှာနေတာကြောင့်     အမေရိကန် သမ္မတဟာ နောက်တယောက် ဖြစ်လာမယ်လို့ သူက ဟောခဲ့ပါတယ်။   နောက်ပြီး ဘိုလီးဗီးယား သမ္မတဟောင်း အီဗိုမိုရာလက်စ်ဟာလည်း ပြည်တော်ပြန်လာလိမ့်မယ်လို့ ဝေါ်လ်တာအယ်လာကွန်က ဟောခဲ့ပါတယ်။  ၂၀၁၉ အတွင်း တောင်အမေရိကမှာ နိုင်ငံရေး မငြိမ်သက်တာတွေ ဖြစ်ခဲ့ပေမယ့် ၂၀၂၀ မှာတော့  အေးအေးချမ်းချမ်းနဲ့ မင်္ဂလာနှစ်သစ်ကို ကြုံတွေ့ရမယ်လို့ ပီရူးနတ်ဆရာတွေက ဟောကိန်းထုတ်ခဲ့ပါတယ်။ 
2 years Ago
Up